Home Lifestyle Food အမဲသားကိုက်လန်ညှပ်ခေါက်ဆွဲ တစ်ပွဲ ဘယ်လိုချက်မလဲ

အမဲသားကိုက်လန်ညှပ်ခေါက်ဆွဲ တစ်ပွဲ ဘယ်လိုချက်မလဲ

0
အမဲသားကိုက်လန်ညှပ်ခေါက်ဆွဲ တစ်ပွဲ ဘယ်လိုချက်မလဲ

ဆန်းသစ်မြန်မာပရိသတ်ကြီးလည်း Recipe လေးတွေ ဖတ်ပြီး အသစ်လေးတွေ ချက်ပြုတ်မစားရတာလည်း ကြာပြီး မဟုတ်လားရှင်။

ကဲ အခု ခိုင်ပြောပြမယ့် တရုတ်အစားအစာလေး တစ်မျိုးကို ထမင်းစားရတာ ငြီးငွေ့တဲ့ အခါမျိုးမှာ အပြောင်းအလဲလေးဖြစ်အောင် လုပ်စားဖို့ ရည်ရွယ်ဖော်ပြပေးလိုက်ပါတယ်။

အမဲကိုက်လန်ညှပ်ခေါက်ဆွဲ

ပါဝင်ပစ္စည်းများ

-မြေပဲဆီ ထမင်းစားဇွန်းသုံးဇွန်း

-တရုတ်ငံပြာရည်အကျဲ ထမင်းစားဇွန်း တစ်ဇွန်း

-ပဲငံပြာရည် အပျစ် ထမင်းစားဇွန်း သုံးဇွန်း

-အမဲသားပြုတ်ရည် ထမင်းစားဇွန်း ၇ဇွန်း

-မညှပ်ရသေးသော ညှပ်ခေါက်ဆွဲဖတ် (တစ်လွှာချင်းဆီခွာ၍ တစ်လက်မအရွယ်အပြားများ ညှပ်ပါ) ၆၀ကျပ်သား

-အမဲမိုးခိုသား (ပါးပါးလှီးပါ) ၃၀ကျပ်သား

-ကြက်သွန်နီ နုပ်နုပ်စင်း တစ်ဥ

-ကြက်သွန်ဖြူ နုပ်နုပ်စင်း လေးမွှာ

-ကိုက်လန်(အမျှင်နွှာ၍ လက်နှစ်ဆစ်စီခန့် ဖြတ်ထားပါ) ၂၅ကျပ်သားခန့်

-ငရုတ်သီးစိမ်းအနီ (နုပ်နုပ်စင်းထားပါ) ငါးတောင့်

-ဆားအနည်းငယ်

ချက်ပြုတ်နည်း

၁။ဒယ်အိုးတစ်လုံးထဲကို မီးအနေတော်ဖြင့် အပူပေး၍  ဆီနှစ်ဇွန်းထည့်ကာ  ဆီပူလာလျှင် ညှပ်ခေါက်ဆွဲဖတ်များထည့်ကြော်ပါ။ ဖွဖွလေးမွှေကာ နှစ်မိနစ်ခန့်ကြော်ပြီးလျှင် ဒယ်အိုးထဲမှ ဆယ်ယူထားပါ။

၂။ ထိုဒယ်အိုးကို မီးပြင်းပြင်းပေး၍ လက်ကျန် ဆီတစ်ဇွန်းထည့်ကာ ဆီပူလာလျှင် အမဲသားလွှာများကို နည်းနည်းဆီ ခွဲထည့်ကာ တစ်သုတ်လျှင် သုံးမိနစ်ခန့် မွှေကြော်ပါ။ အညိုရောင်သန်းလာပြီဆိုပါက ဒယ်အိုးထဲမှ ဆယ်ယူထားပါ။ ပြီးလျှင် ကြက်သွန်နီထည့်ကာ ၎င်းဆီ အကပ်ဖြင့် တစ်မိနစ်စီ ဆီသတ်ပါ။ ကြက်သွန်ဖြူ ထပ်ထည့်ကာ နောက်ထပ် စက္ကန့် သုံးဆယ်ခန့် ဆီသတ်ပါ။

၃။ ကြော်ထားသော အမဲသားများအားလုံးကို ကြက်သွန်ဖြူ၊ နီ ဆီသတ်ထားသည့်အထဲ ပြန်ထည့်ကာ ကိုက်လန်၊ ပဲငံပြာရည်အပျစ်၊ အကျဲ၊ ငရုတ်သီးအစိမ်း၊ အမဲပြုတ်ရည်နှင့် ဆားသင့်ရုံထည့်ပြီး မီးအနေတော်ဖြင့် နှစ်မိနစ်၊ သုံးမိနစ်ခန့်ချက်ပါ။ မွှေကြော်ထားသော ညှပ်ခေါက်ဆွဲဖတ်များကို ပန်းကန်လုံးလေးလုံးဖြင့် ခွဲထည့်ကာ အပေါ်မှ အမဲကိုက်လန်ကြော် အုပ်၍ ချက်ချင်းသုံးဆောင်ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: