Home Knowledge ၁၀ တန်းစာမေးပွဲပြီးရင် ဘာသင်တန်းတွေ တက်သင့်လဲ

၁၀ တန်းစာမေးပွဲပြီးရင် ဘာသင်တန်းတွေ တက်သင့်လဲ

0
၁၀ တန်းစာမေးပွဲပြီးရင် ဘာသင်တန်းတွေ တက်သင့်လဲ

တက္ကသိုလ်ဝင်စာမေးပွဲတွေ ပြီးသွားတဲ့အခါ လူငယ်တွေအနေနဲ့ ဘာတွေလုပ်မလဲ၊ ဘယ်လို သင်တန်းတွေ တက်သင့်လဲ ဆိုတာ ဆန်းသစ်မြန်မာကနေ အကြံပေးပြုစုလိုက်ပါတယ်။ လောလောဆယ်တော့ တစ်ပတ် နှစ်ပတ်လောက် အေးဆေး အနားယူလိုက်ပါအုံးလို့ အရင်ဆုံး ပြောချင်ပါတယ်။ တစ်နှစ်ပတ်လုံး စာတွေကြိုးစားကျက်မှတ်ခဲ့ရတာဆိုတော့ ဘာမှမလုပ်ဘဲ စားလိုက်အိပ်လိုက် ဂိမ်းကစားလိုက်နဲ့ အေးဆေးနေလိုက်ပါအုံး။

ပြောသာပြောရတာ တစ်ကယ်တမ်း မနေနိုင်ပါဘူး။ ကိုယ်တွေတုန်းကဆို စာမေးပွဲဖြေပြီးတာနဲ့ ညနေပိုင်း သင်တန်းလစ်တာ။ ၁၀ တန်းစာမေးပွဲပြီးပြီဆိုတော့ လူငယ်တစ်ယောက်အတွက် အချိန်တွေ ပိုမိုရရှိလာပါပြီ။ ဒါ့အပြင် သင်တန်းတက်တယ်ဆိုတာ ပညာရပ်ပိုင်းဆိုင်ရာတွေ အပြင် မိတ်ဆွေသစ်၊ သူငယ်ချင်းအသစ်ကို ရှာဖွေဖို့လည်း ဖြစ်ပါတယ်။ ကိုယ့်မှာ မိတ်ဆွေသင်္ဂဟများတာ အကျိုးမယုတ်ပါဘူး။ ဒါကြောင့် အချိန်ကို ဘယ်လိုအကျိုးရှိရှိအသုံးချမလဲ၊ ဘယ်လို သင်တန်းတွေ တက်သင့်လဲဆိုတာ list လေးနဲ့ ဖော်ပြလိုက်ရပါတယ်။

၁။ ကွန်ပြူတာ သင်တန်း

နည်းပညာခေတ်ကြီးမှာ ကွန်ပြူတာ အသုံးမပြုတတ်ရင် မျက်နှာငယ်လွန်းပါတယ်။ ဒါကြောင့် ကွန်ပြူတာအခြေခံအသုံးပြုနည်းကို စတင် သင်တန်းတက်သင့်ပါတယ်။ အခြေခံကွန်ပြူတာ သင်တန်းကမှတစ်ဆင့် ဒီထက်မြင့်တဲ့ နည်းပညာဆိုင်ရာ အသက်မွေးဝမ်းကြောင်းပညာရပ်တွေကို ကိုယ်တိုင်ခံစား တွေ့လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြေခံကွန်ပြူတာသင်တန်းတွေဟာ နည်းပညာလောကကို အစပြုဖို့ လမ်းကြောင်းအစလဲ ဖြစ်ပါတယ်။ အိုင်တီသမားတွေကို တွေ့ပြီး အားကျတယ်၊ ဒါပေမယ့် ဘယ်ကနေ စရမှန်းမသိရင် ကွန်ပြူတာအခြေခံသင်တန်းကိုသာ တက်ဖို့ အကြံပေးလိုပါတယ်။ ကျန်တဲ့အဆင့်တွေကတော့ သူ့အလိုလို ဖြစ်သွားပါမယ်။ အစပြုဖို့ဘဲ လိုပါတယ်။

၂။ အင်္ဂလိပ်စကားပြော သင်တန်း

အင်္ဂလိပ် စကားပြောသင်တန်းတွေကတော့ ငယ်တုန်းရွယ်တုန်း တက်ထားသင့်တယ်လို့ ယူဆပါတယ်။ အသက်ကြီးမှ သင်တဲ့အခါ အချိန်ပိုကြာသလို ငယ်တဲ့အချိန်မှာ လေ့လာသင်ယူခြင်းက တတ်မြောက်တာ ပိုမိုမြန်ဆန်ပါတယ်။ ဒါ့အပြင် သင်တန်းတက်တဲ့အခါ မိတ်ဆွေအသစ်၊ သူငယ်ချင်းအသစ်တွေ ရရှိလာမှာ ဖြစ်ပါတယ်။

၃။ ကိုယ်ခံပညာရပ် သင်တန်း

ဒီဘက်ခေတ်ကြီးမှာ ကိုယ်ခံပညာတစ်ခုခုကို တတ်ထားတာအကောင်းဆုံးပါ။ အနည်းဆုံးတော့ အရေးအကြောင်း တစ်စုံတစ်ရာ ဖြစ်လာတဲ့အခါ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ မြန်မာ့သိုင်း၊ ကရာတေး၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ အာကီဒို နဲ့ လက်ဝှေ့အပြင် အခြားသော ကိုယ်ခံပညာရပ်ပေါင်းများစွာရှိပါတယ်။ ကိုယ် စိတ်သန်ရာကို လေ့ကျင့်သင်ယူနိုင်ပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် တတ်ထားတာ တော့ မမှားပါဘူး။

၄။ ရေကူးသင်တန်း

ဒါကတော့ ရေမကူးတတ်သေးတဲ့ သူအတွက်ဆိုရင်တော့ ရေကူးသင်တန်းဟာလည်း အားလပ်ရပ်မှာ မဖြစ်မနေ တတ်ထားသင့်တဲ့ ပညာရပ်တစ်ခုပါ။ ကျနော့်အနေနဲ့ကတော့ ရေကူးသင်တန်းကို မဖြစ်မနေ တက်ကိုတက်ရမယ့် သင်တန်းအမျိုးအစား အဖြစ် သတ်မှတ်ပါတယ်။ ခန္ဓာကိုယ်လှလာမယ်၊ ကြံ့ခိုင်မှုသာမက အသက်ဘေးက ကယ်နိုင်တဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ်။

၅။ Gym ကစားမယ်

မိန်းကလေးဘဲ ဖြစ်ဖြစ် ယောက်ျားလေးဘဲ ဖြစ်ဖြစ် ဆယ်ကျော်သက်အရွယ်က ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်နေတဲ့အချိန် ဖြစ်တာကြောင့် Gym ကစားခြင်းဖြင့် ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်အောင် လုပ်နိုင်ပါတယ်။

gym

၆။ အနုပညာ သင်တန်းတွေတက်မယ်

အနုပညာဆိုလို့ မော်ဒယ်လုပ်တာတွေ၊ လမ်းလျှောက်တာတွေကိုဘဲ ပြောတာမဟုတ်ပါဘူး။ သီချင်းဆိုခြင်း၊ တီးခတ်ခြင်း ၊ ပန်းချီဆွဲခြင်း စတဲ့ အနုပညာနဲ့သက်ဆိုင်တဲ့ သင်တန်းမျိုးကို ဆိုလိုတာပါ။ မြန်မာပြည်မှာက အနုပညာလို့ ပြောရင် ရုပ်ရှင်သရုပ်ဆောင်နဲ့ မော်ဒယ်လောက်ဘဲ ထင်သာမြင်သာ ရှိကြလို့ပါ။ ဆယ်ကျော်သက်အရွယ်ဟာ နှလုံးသားနုသေးတာ ဖြစ်တဲ့အတွက် အတီးအခတ်နဲ့ဆိုင်တဲ့ အနုပညာတစ်ခုခုကို လေ့လာလိုက်စားရင် ပိုမိုဖြစ်မြောက်လေ့ရှိကြပါတယ်။ ဘဝမှာ အတီးအခတ်ပညာတစ်ခုခု မတတ်မြောက်ခဲ့ရင် အသက်ကြီးမှ နောင်တ ရပါလိမ့်မယ်။

၇။ ကိုယ်ဖြစ်ချင် ကိုယ်လုပ်ပါ

အပေါ်မှာ ပြောခဲ့တဲ့ အချက် ၆ ချက်ထဲမှာ ကိုယ်ဖြစ်ချင်တာ၊ လုပ်ချင်တာ မပါခဲ့ရင်လည်း ကိုယ်ဖြစ်ချင် ကိုယ်လုပ်ချင်တာကို ဖြစ်မြောက်အောင် လုပ်ဖို့ အကြံပေးပါရစေ။ ဆယ်ကျော်သက် လူငယ်တွေအနေနဲ့ မိမိရဲ့ ဘဝကို တိုးတက်မြင့်မားစေဖို့ အခြေခံ ကောင်းဖို့လိုပါတယ်။ Foundation ကောင်းမှ ကျန်တဲ့ အထပ်မြင့်တွေ ကောင်းနိုင်မှာ ဖြစ်သလို အခြေခံ ကောင်းမှ ဒီထက်မြင့်တဲ့ ဘဝကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ သိထားရမှာက ပိုက်ဆံရဖို့နဲ့ အောင်မြင်ဖို့ အတွက် မကြိုးစားပါနဲ့။ ဝါသနာပါတာကို စနစ်တစ်ကျ ကျွမ်းကျင်တဲ့ Professional တစ်ယောက်ဖြစ်အောင်ဘဲ ကြိုးစားပါ။ ငွေကြေးနဲ့ အောင်မြင်မှုက အချိန်တန်ရင် လိုက်လာပါလိမ့်မယ်။

success

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: