
Xiaomi ကို လူအတော်များများ သိထားကြတာ စမတ်ဖုန်းထုတ်တဲ့ ကုမ္ပဏီလို့ သိထားပေမယ့် Xiaomi ကတော့ သူတို့ဟာ အင်တာနက်နည်းပညာကုမ္ပဏီဖြစ်တယ်လို့ ပြောပါတယ်။ ဟုတ်ပါတယ်။ Xiaomi ဟာ စမတ်ဖုန်းတွေသာမက နေ့စဉ်လူသုံးကုန်ပစ္စည်းတွေတွေကို နည်းပညာတွေနဲ့ပေါင်းစပ်ပြီး ထုတ်ကုန်အသစ်တွေ ထုတ်ပေးနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
ယခုလည်း Xiaomi ဟာ Scishare အမည်ရတဲ့ ကော်ဖီဖျော်စက် တစ်ခုကို မိတ်ဆက်ပြသလိုက်ပါပြီ။ အဆိုပါ Scishare ကော်ဖီဖျော်စက်ကို ဧပြီလ ၁၈ ရက်နေ့မှ စတင်ရောင်းချမှာ ဖြစ်ပြီး ဈေးနှုန်းအနေနဲ့ကတော့ ၃၉၉ ယွမ်ရှိပါမယ်။ ဒါကြောင့် မြန်မာငွေနဲ့ ပြန်တွက်ကြည့်မယ်ဆိုရင် ၈သောင်းဝန်းကျင်ခန့်ရှိမှာပါ။ ဒါပေမယ့် မြန်မာကို ရောက်လာတဲ့အချိန်မှာတော့ ၉သောင်းနီးပါးရှိမယ်လို့ ခန့်မှန်းရပါတယ်။
Scishare ကော်ဖီဖျော်စက်ကို ထုတ်လုပ်ဖို့အတွက် Xiaomi ရဲ့ Mijia Platform ကနေ ရန်ပုံငွေယူကာ Ningbo Heart Technology ကုမ္ပဏီကနေ ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။ ဈေးကွက်ထဲကို ဖြန့်ဖြူးရောင်းချဖို့ကတော့ Xiaomi က ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ကော်ဖီဖျော်စက်ရဲ့ အရွယ်အစားက ၃၄၀x၁၀၀x၂၆၀ မီလီမီတာ ဘဲ ရှိတာကြောင့် နေရာအများကြီး မယူပါဘူး။ လျှပ်စစ်သံလိုက်ဘား ၁၉ခုပါဝင်ကာ မီးအား ၁၂၀၀ ဝပ်ဖြင့် တစ်မိနစ်အတွင်း ကော်ဖီတစ်ခွက်ကို ဖျော်နိုင်မှာ ဖြစ်တာကြောင့် အတော့်ကိုမြန်ပါတယ်လို့ ပြောနိုင်ပါတယ်။
ကော်ဖီအပြင်း၊အပျော့ချိန်ညှိနိုင်သလို ကော်ဖီဖျော်စက်ကို အလိုအလျောက် ပိတ်နိုင်ဖွင့်နိုင်မယ့် လုပ်ဆောင်ချက်လည်း ပါဝင်ပါတယ်။ ကော်ဖီတစ်ခွက်ဖျော်ပြီးလို့ နောက်တစ်ခွက်ထပ်မဖျော်ဖြစ်ဘူး၊ ၁၅မိနစ်လောက် စက်ကို ဘာမှထပ်မလုပ်ဘူးဆိုရင် သူ့အလိုလို ပိတ်သွားမှာပါ။ ကော်ဖီရဲ့ ပါဝင်မယ့် အနည်းအများကိုလည်း LED မီးလုံးကနေ ကြည့်နိုင်ပါတယ်။ ဒါကြောင့် လိုအပ်သလို အပြင်း အပျော့ချိန်ညှိနိုင်မှာပါ။
ဒါ့အပြင် Scishare ကော်ဖီဖျော်စက်ဟာ Xiaomi ရဲ့ ၆၇ ခုမြောက် ထုတ်ကုန် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကဘဲ Xiaomi ဟာ Mi Walkie-Talkie, Mi Smart Camera, Mi Router Pro, Mi Router HD, Mi Car Recorder, နဲ့ Mi Smart Scale 2 တို့ကို ထုတ်လုပ်ခဲ့ပါသေးတယ်။