
Myanmar Idol Season 1 က Vote ပေးသူများ၊ပရိတ်သတ်များနဲ့ ဒိုင် သုံးဦးတို့ အနီးစပ်ဆုံး တစ်ထပ်ထဲကျပြီး ပထမဆုရှင် စောလထော်ဝါး ကိုရွေးချယ်ခဲ့ကြပေမယ့် Season 2 မှာတော့ ပြိုင်ပွဲ ပြီးဆုံးချိန်နီးလာတာနဲ့အမျှ ဝိရောဓိသဘောတွေနဲ့ အသံတွေ ဆူညံထွက်ပေါ်လာတာ ကြားနေရပါတယ်။ ဒါကလည်း Myanmar Idol ရဲ့ အောင်မြင်မှုလို့ ဆိုရမှာပါ။ Myanmar Idol ကလည်း ဒီမိုကရေစီခေတ်ပီပီ အများပြည်သူတွေရဲ့ မဲကို ရေတွက်တာဆိုတော့ ပြိုင်ပွဲဝင်တွေအနေနဲ့လည်း လွတ်လပ်စွာ မဲဆွယ်ခွင့်ရှိသလို မဲပေးသူတွေအနေနဲ့လည်း ကိုယ့်ဒေသ၊ ကိုယ့်ဆွေမျိုး၊ ကိုယ့်လူမျိုး၊ ကိုယ့်သူငယ်ချင်း၊ မိတ်ဆွေစသည့်အကြောင်းအမျိုးမျိုးကြောင့် ချစ်စွဲ မဲတွေရကာ ပြိုင်ဖက်တွေထက် နှာတစ်ဖျား သာနေတတ်တာ တွေ့နေရပါတယ်။ တကယ်တွက်ကြည့်မယ်ဆိုရင်တော့ ဂီတပြိုင်ပွဲတစ်ခုမှာ ဂီတအရည်အချင်းကို မကြည့်ပဲ အချစ်တွေ၊ အစွဲတွေနဲ့ပေးတဲ့ မဲတွေကြောင့် ပြိုင်ပွဲဝင်ဂီတသမားရဲ့ အနာဂတ်ဂီတခရီးမှာ အခက်အခဲတွေနဲ့ ကြုံရနိုင်ပါတယ်။
တကယ်တော့ မိမိဒေသက လူတွေလောက်ချစ်ရုံ၊ မိမိလူမျိုးစုတစ်ခုလောက်ချစ်ရုံ၊ မိမိအပေါင်းအသင်းတွေက ချစ်ရုံလောက်နဲ့ ဂီတစင်မြင့်မှာ ကြာရှည် ဝင့်ထယ်ဖို့မလွယ်လှပါဘူး။ နိုင်ငံချစ် အဆိုတော်ကြီး တွံတေးသိန်းတန်ဆိုတာ တွံတေးတစ်မြို့တည်းသားတွေ အားပေးချစ်ခင်လို့ နိုင်ငံကျော်လာတာမဟုတ်ပါဘူး။ နိုင်ငံတစ်ဝန်းကပြည်သူတွေ သူ့အသံကြားရုံနဲ့ ချစ်ခင်နှစ်သက်ခဲ့ကြလို့သာ တွံတေးသိန်းတန် ဖြစ်ခဲ့ရတာဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် Myanmar Idol က နှုတ်ဆက် ထွက်ခွါသွားခဲ့ကြသူတွေရော၊ လက်ရှိကျန်ရစ်နေသူတွေကိုရော အသိပေးချင်တာက အခုရရှိခဲ့ကြတဲ့ ပရိတ်သတ်ရဲ့ Voting တွေဟာ မင်းတို့ရဲ့ အရည်အချင်းအစစ်အမှန်ကို ပြသတာမဟုတ်ပါဘူး ဆိုတာပါပဲ။ မင်းတို့ရဲ့ အရည်အချင်းအစစ်အမှန်ကို ဒီပွဲပြီးလို့ ပရိတ်သတ်ကို မင်းတို့အနုပညာတွေချပြတဲ့အခါမှ ပိုသိလာကြရမှာပါ။ မင်းတို့ကိုယ်စီမှာ မတူညီတဲ့အရည်အချင်းတွေရှိကြပါတယ်။ တစ်ခုပဲရှိပါတယ်။ Myanmar Idol Voting ကြောင့် တစ်ပြည်လုံးက ဂီတချစ်ပရိတ်သတ်တွေ မင်းတို့ကို စိတ်ပျက်သွားမှာကိုပဲ စိုးရိမ်ပါတယ်။ အနာဂတ်မှာ အကောင်းဆုံးအရည်အချင်းတွေကို ထုတ်သုံးပြီး ပြည့်သူ့ အချစ်တော်တွေ ဖြစ်လာကြပါစေလို့ဆုတောင်းလိုက်ပါတယ်။