
ရဲတပ်ဖွဲ့က မြေလှန်ရှာဖွေ ဖမ်းဆီးခဲ့သည့် နဂါးလေး(ခ)အောင်နိုင်မြင့်မှာ ရှေ့နေ ဦးကိုနီကို လုပ်ကြံပေးရန် ငွေဖြင့် ကမ်းလှမ်းခံရသူဖြစ်ကြောင်း အမည်မဖော်လိုသည့် အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“မူးယစ်ပြတိုက်မှာ မနက်ဖြန်လုပ်မယ့် သတင်းစာ ရှင်းလင်းပွဲကျရင် ဦးကိုနီလုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး နဂါးလေးရဲ့အကြောင်း ပါလာလိမ့်မယ်။ သူက လုပ်ကြံမှုမှာ တိုက်ရိုက် မပတ်သက်ခဲ့ပေမယ့် တစ်စိတ်တစ်ပိုင်း ဆက်နွယ်နေတယ်”ဟု ၎င်းက ပြောဆိုသည်။
ဦးကိုနီကို အနီးကပ် ပစ်ခတ်လုပ်ကြံခဲ့သည့် သေနတ်သမား ကြည်လင်းနှင့် နောက်ကွယ်မှ ငွေပေးစေခိုင်းသူ အောင်ဝင်းဇော် ယင်းအပြင် အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့ကို ဖမ်းမိခဲ့ပြီး စစ်ဆေးရာမှ ယင်းအမှုနှင့် ပတ်သက်ဆက်နွယ်နေသူဟုဆိုသူ တရားခံပြေး နဂါးလေး(ခ) အောင်နိုင်မြင့် ပါဝင်နေသောကြောင့် ၎င်းကို ရဲတပ်ဖွဲ့က မြေလှန်ရှာဖွေ ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းထံမှ သိရသည်။
အဆိုပါ နဂါးလေး(ခ)အောင်နိုင်မြင့်မှာ ဦးကိုနီအား လုပ်ကြံပေးရန် ငွေပေးပြီး ကမ်းလှမ်းခံရသည့် အင်းစိန်မြို့နယ်မှ ကိုအောင်စိုးပြီးလျှင် ၎င်းမှာ ဒုတိယ ကမ်းလှမ်းခံရသူဖြစ်ပြီး ကြည်လင်းမှာ တတိယမြောက် ကမ်းလှမ်းခံရသူဖြစ်ကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။
Source : The Voice Myanmar