Home Knowledge သင်သိထားရမယ့် အကြွေး

သင်သိထားရမယ့် အကြွေး

0
သင်သိထားရမယ့် အကြွေး

အကြွေးဆိုတာ သူတစ်ပါးဆီက ချေးငှားယူလို့ ပြန်လည်ပေးဆပ်ရမယ့် အရာဆိုတာ ကိုတော့ လူတိုင်းသိကြပါတယ်။ တစ်ချို့ကလည်း အကြွေးအကြောင်း ငါတို့ဘာသိစရာလိုသလဲလို့ ထင်ကြမှာပါ။ တကယ်တော့ အကြွေးဆိုတာမျိုးက လောကလူသားတွေအတွက် ဘဝတစ်သက်တာ အတွင်းမှာ အနည်းနဲ့အများ ကြုံဆုံပတ်သက်ကြရ စမြဲပါ။ ဒါကြောင့် အကြွေးအကြောင်း တစ်စေ့တစ်စောင်းတော့ သိထားဖို့လိုပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ သင်ယူခဲ့ရတဲ့ ကျောင်းသင်ပညာရေးမှာ သူနဲ့ပတ်သက်ပြီး သိပ်အလေးအနက်မထားခဲ့တဲ့အတွက် ပိုပြီး သတိထားရမယ့် အရာတစ်ခုလည်း ဖြစ်နေပါတယ်။ နောက်တစ်ခါ လူတွေအားလုံးနဲ့ ပတ်သက်နေတဲ့ ဒီအကြွေး ဆိုတာကြီးကို ကျောင်းသင်ပညာရေးမှာ ငယ်စဉ်ကတည်းက ရိုက်သွင်းပေးလိုက်တာက အကြွေးဆိုတာ မယူကောင်း၊မပေးကောင်းသော အရာ၊ အကြွေးကြောင့်မိတ်ဆွေခင်ပွန်းတွေ ပျက်စီးဆုံးရှုံးရတယ်၊စတဲ့ မကောင်းတဲ့ အမြင် ဘက်ကသာဖြစ်ပါတယ်။

ဟုတ်တယ်လေ၊အကြွေးဆိုမှဖြင့် အကြွေးကောင်းလို့ ရှိပါ့မလားလို့ စောဒဂတက်နိုင်စရာရှိပါတယ်။ ဒီလိုစောဒဂတက်ပြီဆိုကတည်းက သင် အကြွေးအကြောင်း ကောင်းကောင်းမသိသေးဘူးဆိုတာ သေချာပါတယ်။ ဟုတ်ပါတယ်။ အကြွေး အမျိုးအစား(၂) မျိုးရှိပါတယ်။

(၁) အကြွေးဆိုး

ဒိအကြွေးက လောကလူသားတွေ ငွေကြေးအသိဉာဏ် နည်းပါးမှု၊ စိတ်ခံစားမှုတွေနောက်သို့ တကောက်ကောက်လိုက်ပါမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့အကြွေးမျိုးဖြစ်ပါတယ်။ အကြွေးဆိုးသခင်တွေဟာ သင့်နောက်ကလိုက်ပြီး သင့်ကို အချိန်နဲ့အမျှ မက်လုံးပေးဆွဲဆောင်နေပါတယ်။ ဒီနေ့ခေတ်လို နည်းပညာခေတ်မှာ ရုပ်ပိုင်းဆိုင်ရာထုတ်ကုန်အမျိုးမျိုးက သားနားတင့်တယ် ထယ်ဝါလှတဲ့ ကုန်တိုက်ကြီးတွေရဲ့ စင်မြင့်ပေါ်မှာ ညကလပ်က အပျိုဖျန်းတစ်ယောက်လို ဆွဲဆောင်နေလေရဲ့။ ဒီအကြွေးနဲ့သင် ပတ်သက်လိုက်ပြီဆိုတာနဲ့ သင်အိတ်ကပ်ထဲက သင်အချိန်နဲ့အမျှလုပ်ကိုင်ရင်းနှီး ရှာဖွေထားတဲ့ သင့်ဝင်ငွေတွေကို တစတစစီ ဖဲ့ချွေယူတော့တာပဲ။ သူ့ကိုရှောင်ရှားဖို့အကောင်းဆုံးနည်းကတော့ ငွေကြေးပညာဗဟုသုတရှိအောင်ကြိုးစားပါ။ စိတ်အလိုမလိုက်ပါနဲ့လို့ မှာပါရစေ။

(၂) အကြွေးကောင်း

သူများဆီက ချေးယူတာချင်းအတူတူ ဘာကြောင့် အကြွေးကောင်းလို့ဆိုရတာလဲ။ ရှင်းပါတယ်။သူက အကြွေးဆိုးရဲ့ ဆန့်ကျင်ဖက်မို့လို့ပါ။ အကြွေးဆိုးက ကိုယ့်အိတ်ကပ်ထဲက ပိုက်ဆံတွေကို ချွေဖဲ့ယူနေတဲ့ အချိန်မှာ အကြွေးကောင်းကတော့ ကိုယ့်အိတ်ကပ်ထဲကို ပိုက်ဆံတွေထည့်ပေးနေလေရဲ့။ဘယ်လိုနည်းနဲ့ ထည့်ပေးနေတာလဲ။ အကြွေးဆိုးက လူတွေ လူမှု အသုံးအဆောင်တွေ ကို ဝယ်ယူဖို့သုံးတာဖြစ်ပြီး အကြွေးကောင်းကတော့ အဲ့ဒီလူတွေဝယ်ယူမယ့်လူမှုအသုံးအဆောင်တွေကို ထုတ်လုပ်ဖို့ လုပ်ငန်းထူထောင်တာဖြစ်ပါတယ်။ နောက်ဆုံးတော့ သူ့အကြွေးတွေကို ပေးဆပ်သူဟာ သူကိုယ်တိုင်မဟုတ်ပဲ၊ အကြွေးဆိုးယူသူတွေက ပေးဆပ်ကြရတာဖြစ်ပါတယ်။ မြင်သာတဲ့ဥပမာ ပြရရင် တစ်နှစ် ၄% အတိုးဖြင့် ချေးယူပြီး လုပ်ငန်းထူထောင်တဲ့လုပ်ငန်းရှင် တစ်ယောက်က သူ့ထုတ်ကုန်ကို တစ်နှစ် ၁၀% အတိုးကိုက်အောင် အများပြည်သူသို့ရောင်းချခြင်းပုံစံဖြစ်ပါတယ်။ လုပ်ငန်းရှင်အတွက် ၄% ချေးငွေဟာ အကြွးကောင်းပင်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အိတ်ကပ်ထဲသို့ တစ်နှစ်မှာ ၆% ပိုက်ဆံဝင်နေတဲ့အတွက်ပါ။ ဒီလှို့ဝှက်ချက်ကို သာမန်ပြည်သူတွေ မသိနိုင်ပါဘူး။ ဒါကြောင့်လည်း ၂၀ရာစု လုပ်ငန်းရှင်ကြီး ဟင်နရီဖို့ဒ်က ပြောခဲ့တာရှိပါတယ်။ ပြည်သူတွေ သာ ဒီငွေကြေးအကြောင်း၊ ဘဏ်အကြောင်းတွေကို  ကောင်းကောင်းသိရင် မနက်ဖြန်မနက်မတိုင်ခင် တော်လှန်ရေးတစ်ရပ်ဖြစ်မယ်လို့ သူယုံကြည်တယ်တဲ့။ ကဲ၊ အကြွေးကောင်းယူတတ်အောင် ဘယ်လိုလုပ်မလဲ။ ငွေကြေးပညာရေးကိုလေ့လာပါ။ စီးပွားရေးလုပ်ငန်းထူထောင်ပါ။ ကျွန်တော့်အနေနဲ့ တော်လှန်ရေးတစ်ရပ်ဖြစ်အောင် ဖန်တီးရေးသားနေတာမဟုတ်ပါဘူး။ လောကခရီးမှာ လှေလှော်မယ့်သူတွေရှိသလို လှေစီးမယ့်သူလည်းရှိတတ်တာသဘာဝပါ။ ကိုယ်က တစ်သက်လုံးလှေလှော်နေမယ့်အစား လှေစီးမယ်သူဘဝကို ရောက်အောင်ကြိုးစားကြစေချင်ပါတယ်။ တကယ်တော့ လှိုင်းးလေထန်လာရင်တော့ လှေလှော်သူရော၊ လှေစီးသူရော စွန့်စားရမှု၊ ပေးဆပ်ရမှုတွေရှိကြပါတယ်။ စာဖတ်သူတွေ အကြွေးဆိုးကင်းပြီး ရင်းနှီးမြှုပ်နှံသူတွေဖြစ်လာနိုင်ကြပါစေ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: