
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ ကို ကျပ်သိန်း ၁၀၀၀ ပေးပြီး လုပ်ကြံစေခိုင်းသူမှာ တပ်မတော်ဒုဗိုလ်မှူးကြီးဟောင်း ဖြစ်တဲ့ အောင်ဝင်းခိုင် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။ လက်ရှိ ဖမ်းစီးရမိထားတဲ့ တရားခံ အောင်ဝင်းဇော်ရဲ့ ဝန်ခံချက်အရ ညီဖြစ်သူ အောင်ဝင်းခိုင် မှ စရံငွေ သိန်း ၁၀၀ ကျပ်ပေး၍ လုပ်ကြံပေးနိုင်မည့်သူ ရှာဖွေရာ ကြည်လင်းမှ အလုပ်တောင်း၍ သိန်း ၈၀၀ ကျပ်နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လုပ်ကြံမှုကို ကျူးလွန်ဖို့ ငွေပေးစေခိုင်းသူလို့ ယူဆရတဲ့ အောင်ဝင်းခိုင်မှာ လက်ရှိထွက်ပြေးတိမ်းရှောင်နေပြီး ၂၀၁၄ ခုနှစ်အထိ တပ်မတော်မှာ ဒုတိယဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း သိရပါတယ်။ လက်ရှိမှာတော့ အောင်ဝင်းခိုင်နှင့် ဆက်စပ်တရားခံများကို ဖမ်းဆီးနိုင်ရေးအတွက် တပ်မတော်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းဆောင်ရွက်နေကြောင်း သိရပါတယ်။ လောလောဆယ်အခြေအနေမှာ လုပ်ကြံသတ်ဖြတ်သူ တရားခံ ကြည်လင်းနဲ့ အောင်ဝင်းဇော်တို့ကို ဖမ်းဆီးရရှိထားပါတယ်။