
၂၀၁၆ခုနှစ်မှာ နာမည်ကြီးကျော်ကြားသွားခဲ့တဲ့ Samsung Galaxy Note 7 ရဲ့ ပေါက်ကွဲမှုဟာ Samsung ရဲ့ သက်တမ်းမှာ အထိအနာဆုံးဖြစ်ခဲ့သလို ဆုံးရှုံးမှုအများဆုံး ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၃ဘီလီယံ ကျော်ခန့် ဆုံးရှုံးနစ်နာခဲ့ပြီး အခုလည်း Galaxy Note7 ဘတ်ထရီထုတ်ပေးတဲ့ စက်ရုံ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပါတယ်။ ဒါဟာ ရယ်စရာမဟုတ်သလို Samsung အတွက်တော့ တစ်ပူပေါ် တစ်ပူဆင့်တဲ့ အနေအထား ဖြစ်သွားပါတယ်။ အဆိုပါ စက်ရုံမီးလောင်ကျွမ်းမှုကြောင့် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ သတင်းမီဒီယာတွေအပေါ်မှာ နာမည်ကြီးသွားပြီး Samsung ကတော့ ဒါဟာ လောင်ကျွမ်းမှုအသေးစားသာ ဖြစ်ပါတယ်။ သတင်းတွေကသာ အကြီးကြီး ရေးကြတာပါလို့ ပြောခဲ့ပါတယ်။
Samsung Galaxy Note 7 ရဲ့ ပေါက်ကွဲမှုအခြေခံဟာ အရည်အသွေးမပြည့်တဲ့ ဘတ်ထရီကြောင့် ဖြစ်ပြီး ဒါ့အပြင် ပါးလွှာတဲ့ ဖုန်းထဲမှာ ဘတ်ထရီကိုနေရာချထားမှုမှာ ဒီဇိုင်းလိုသွားတဲ့အတွက် ဖြစ်ပါတယ်။ Samsung က အဆိုပါ ဖုန်းပေါက်ကွဲမှုအတွက် အင်ဂျင်နီယာ အယောက် ၂၀၀ ပါတဲ့ အဖွဲ့ကို ဖုန်းပေါင်း အလုံး ၂သိန်းခန့်နဲ့ ဘတ်ထရီ ၃သောင်းကျော်ခန့်ကို စစ်ဆေးစေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆိုပါ ဘတ်ထရီထုတ်ပေးတဲ့ စက်ရုံပါ မီးလောင်သွားပြီ ဖြစ်ပါတယ်။ Samsung အနေနဲ့ အသေးစားလောင်ကျွမ်းမှုလို့ပြောခဲ့ပေမယ့် မီးသတ်အဖွဲ့အစည်းကမူ မီးသတ်ယာဉ် ၁၉စီး၊ မီးသတ်သမား အယောက် ၁၁၀ အားနဲ့ မီးငြိမ်းသတ်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
ဘတ်ထရီတွေ စုစည်းသိုလှောင်ထားတဲ့ အခန်းကနေ စတင်လောင်ကျွမ်းတာ ဖြစ်ပြီး အဆိုပါ ဘတ်ထရီများနဲ့ သက်ဆိုင်ရာ ကုန်ကြမ်းပစ္စည်းများတွေက တစ်ဆင့် ထပ်မံပေါက်ကွဲလောင်ကျွမ်းစေတာ ဖြစ်ပါတယ်။ ဒါပေမယ့် Samsung ကတော့ ဒါဟာ Minor Fire ပါလို့သာ ပြောခဲ့ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါ မီးများတယ်လို့ထင်ရအောင် ရိုက်ထားတဲ့အတွက် ကိစ္စသေးသေးလေးက အကြီးကြီးလို့ ထင်ရတာပါလို့ Samsung က ပြောလိုက်ပါတယ်။