
မလေးရှားနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ၃၀၀ ကို မတ်လ (၁)ရက်နေ့မှာ စတင်ပြီး တရားဝင်အလုပ် လုပ်ကိုင်ခွင့်ပေးမှာဖြစ်တယ်လို့ မလေးဒုဝန်ကြီးချုပ် Ahmad Zahid Hamidi က မနေ့ ကြာသာပတေးနေ့က ကြေညာလိုက်ပါတယ်။
ဒါ့အပြင် တရားဝင်အလုပ်လုပ်ခွင့်ရလာတဲ့အတွက် နောက်ထပ် ဒုက္ခသည်တွေ မလေးရှားနိုင်ငံကို ထပ်ရောက်လာမလားဆိုတဲ့ စိုးရိမ်မှုတွေလည်းရှိနေပါတယ်။ ရိုဟင်ဂျာဒုက္ခသည် တချို့ကို စတင်ပြီး မလေးရှားနိုင်ငံမှာ တရားဝင်အလုပ်လုပ်ခွင့်ပြုတာဟာ မလေးရှားအစိုးရရဲ့ ရှေ့ပြေးစမ်းသပ်မှုအစီအစဉ်ဖြစ်ပြီး ရည်ရွယ်ချက်ကလည်း လူကုန်ကူးမှုပြဿနာ ဖြေရှင်းဖို့ နဲ့ ရိုဟင်ဂျာတွေကို အတင်းအဓမ္မစေခိုင်းပြီး အမြတ်ထုတ်နေတာ တွေကို တားဆီးဖို့ဖြစ်တယ်လို့ သိရပါတယ်။
တရားဝင်အလုပ်လုပ်ကိုင်ခွင့်ကတော့ ဒုက္ခသည်ကဒ်ပြားကိုင်ဆောင်ထားတဲ့ ရိုဟင်ဂျာတွေအတွက်ပဲဖြစ်ပြီး သူတို့တွေဟာလည်း ကျန်းမာရေးနဲ့ လုံခြုံရေးဆိုင်ရာ စစ်ဆေးခံယူထားပြီးသာ သူတွေဖြစ်တယ်လို့ သိရပါတယ်။ စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ လုပ်ကိုင်ခွင့်ရရှိမှာ ဖြစ်ပြီး ဝင်ငွေ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ ရိုဟင်ဂျင် အယောက် ၁၂၀ လောက်သာ လျှောက်လွှာတင်ထားကြပြီး စိုက်ပျိုးရေးလုပ်ငန်းတွေမှာ လုပ်ဖို့ စိတ်မဝင်စားကြောင်း သိရပါတယ်။
REF: VOA (Burmese)