
AI နည်းပညာထွန်းကားလာမှုကြောင့် စမတ်ဖုန်းတွေ၊ နာရီတွေ၊ တီဗွီတွေ သာမက အခုဆိုရင် ကားတွေမှာပါ အလိုအလျောက်တုံ့ပြန်နိုင်မယ့် စနစ်တွေ၊ မောင်းနှင်နိုင်မယ့်စနစ်တွေ စမ်းသပ်တီထွင်နေကြပါပြီ။ Google, Tesla, နဲ့ BMW ကဲ့သို့သော ကုမ္ပဏီကြီးများကလည်း အလိုအလျောက် မောင်းနှင်နိုင်မယ့် ကားတွေ စမ်းသပ်တီထွင်နေပြီ ဖြစ်သလို ယခု Audi ကလည်း Nvidia ကုမ္ပဏီနဲ့ပူးပေါင်းပြီး ၂၀၂၀ မှာ AI နည်းပညာပါတဲ့ ကားတွေ ကို ထုတ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ CES 2017 မှာ ပြသခဲ့တဲ့ Audi Q7 ဟာဆိုရင် ကားမှာပါတဲ့ နည်းပညာနဲ့ ၄ရက်အတွင်းမှာ သူ့အလိုအလျောက် မောင်းနှင်ခြင်းကို သင်ယူနိုင်ပြီး အဆိုပါ နည်းပညာကို Nvidia ရဲ့ Xavier AI စူပါကွန်ပြူတာနဲ့ ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ Nvidia ရဲ့ Xavier ကို CPU 8 လုံး၊ 512 GPU Cores နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး တစ်စက္ကန့်မှာ လုပ်ဆောင်ချက် ၂၀ ထရီလီယံ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Audi ရဲ့ Co-Pilot AI software ပါ ထည့်သွင်းလုပ်ဆောင်သွားမှာ ဖြစ်ပြီး မောင်းနှင်သူရဲ့အနေအထား၊ ကားအတွင်းအပြင်တွေ ကိုပါ ဆင်ဆာစနစ်နဲ့ စစ်ဆေးနိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်မှာ ဖြစ်ပါတယ်။ အဆိုပါ ကားတွေကို Audi မှ ၂၀၂၀ ခုနှစ် မှာ စတင်ရောင်းချမယ်လို့ ကြေငြာခဲ့ပါတယ်။