
သင့်အသက် ၂၅နှစ်ရှိနေပြီလား။ ဒီအချိန်ဟာ ခန္ဓာကိုယ်တွင်းစနစ်တွေအားလုံး အပြည့်အဝဖွံ့ဖြိုးပြီး အမြင့်မားဆုံး စွမ်းဆောင်နိုင်တဲ့အချိန် ဖြစ်ပါတယ်။ ဒီအချိန်ဟာ သင့်ကျန်းမာရေးကို ကောင်းမွန်အောင်လုပ်ဖို့ အကောင်းဆုံးအချိန်ဖြစ်တာကြောင့် သင့်ကျန်းမာရေးနဲ့ သင့်အနာဂတ်ကို တည်ဆောက်ဖို့ အကောင်းဆုံးအချိန်လည်း ဖြစ်နေပါတယ်။
မျိုးဆက်ပွားစနစ်
အသက် ၂၀ ဝန်းကျင်အရွယ်က မျိုးဆက်ပွားဖို့ အဖွံ့ဖြိုးဆုံးအချိန်ပါ။ အမျိုးသမီတော်တော်များများက သူတို့ အစစအရာရာ အဆင်ပြေတဲ့အထိ ကလေးယူဖို့အရေးကို နှောင့်နှေးတတ်ကြပါတယ်။ ဒါကြောင့် အိမ်ထောင်ပြုထားတဲ့ စုံတွဲတွေက ပဋိသန္ဓေတားဆေးကို မှီဝဲတတ်ကြပါတယ်။ အဲဒီဆေးသောက်နေရင် ဗီတာမင် B1၊ B2၊ B12၊ ဗီတာမင်စီနဲ့ ဇင့်၊ မဂ္ဂနီစီယမ်တို့လို သတ္တုဓာတ်တွေကို မှီဝဲဖို့ လိုပါတယ်။
ဗီတာမင် B6ကလည်း ရာသီမလာခင် စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်ချို့ကို ခံစားရတဲ့ အမျိုးသမီးတွေအတွက် သင့်တော်ပါတယ်။ ရာသီလာစဉ် နာကျင်မှုနဲ့ ရင်သားတင်းတာတွေကို သက်သာစေဖို့အတွက် EPO- Evening Promise Oil ကို မှီဝဲပေးနိုင်ပါတယ်။
မျိုးအောင်ခြင်း
မျိုးဆက်ပွားစနစ် ကျန်းမာရေးကောင်းနေဖို့အတွက် စိတ်ပိုင်း ရုပ်ပိုင်းနဲ့ ခံစားမှုပိုင်း အားလုံး ကျန်းမာနေဖို့ လိုပါတယ်။ အဲဒီလို ကျန်းမာဖို့အတွက်က အာဟာရအပေါ်လည်း မူတည်နေပါတယ်။ ကလေးယူမယ်လို့ ကြိုတင်စဉ်းစားထားချိန်မှာ အမျိုးသားရော၊ အမျိုးသမီးကပါ ကျန်းမာကြံ့ခိုင်နေအောင် ကြိုးစားထားသင့်ပါတယ်။ စီးကရက်မီးခိုးမရှူမိအောင်၊ အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်ကို အလွန်အမင်းမသောက်ဖြစ်အောင် သတိထားရပါမယ်။ ကျန်မာရေးကောင်းမွန်တဲ့ သုက်ကောင်ကို ရဖို့ မျှတကောင်းမွန်တဲ့ အာဟာရတွေ စားပေးဖို့လိုပါတယ်။ ဇင့်ဓာတ်က မျိုးဆက်ပွားကျန်းမာရေးအတွက် အထူးသဖြင့် အမျိုးသားတွေမှာ အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုး ဖြစ်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ ဖောလစ်အက်ဆစ်နဲ့ အိုင်အိုဒင်းလို အရေးကြီးတဲ့ အာဟာရတွေ အလုံအလောက်မှီဝဲသင့်ပါတယ်။ စိတ်ဖိစီးမှု၊ အာဟာရ ချို့တဲ့မှု၊ ကော်ဖီနဲ့ အရက်ကို အလွန်အမင်းသောက်တာ၊ အဝလွန်တာနဲ့ ပိန်လွန်းတာတွေကလည်း ကလေးရဖို့ ခက်ခဲတတ်ပါတယ်။
စွမ်းအင် ထိန်းသိမ်းခြင်း
အာဟာရချို့တဲ့မှုကြောင့် စွမ်းအင်ကလျော့နည်းသွားတတ်ပါတယ်။ ဗီတာမင်ဗီအုပ်စုဟာ စွမ်းအင်တွေကို ရစေသလို သံဓာတ်ဟာလည်း ခန္ဒာကိုယ် တစ်သျူးတွေ အောက်ဆီဂျင်ရဖို့ အရေးပါပါတယ်။ လစဉ်ရာသီသွေးဆင်းနေတဲ့ အမျိုးသမီးတွေမှာ သံဓာတ်ချို့တဲ့နေတတ်ပါတယ်။
အိပ်ရေးပျက်တာကလည်း စွမ်းအင်ကို လျော့ကျစေသလို အာရုံစူးစိုက်မှုကို လျော့ကျစေပါတယ်။ အိပ်ချိန်နည်းတာက စိတ်ဖိစီးမှုများစေတဲ့ အချက်တစ်ချက်ဖြစ်သလို စိတ်ဖိစီးမှုများတာကြောင့်လည်း အိပ်ရေးပျက်တတ်ပါတယ်။