
အားရပါးရလက်ဆွဲ နှုတ်ဆက်ခြင်းက လူသားတွေကို အသက်ရှည်ကျန်းမာစေနိုင်ကြောင်း တွေ့ရှိိခဲ့ရသည်ဟု ပညာရှင်တို့က ကြေညာခဲ့ကြောင်း Skynews သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ လူပေါင်း ငါးသောင်ကျော်ခန့်ကို ဆယ်စုနှစ်တစ်ခုအကြာလေ့လာချက်အရ လက်ဆွဲနှုတ်ဆက်ပုံ၊ လက်လျှောက်နှုန်း၊ ကုလားထိုင်တစ်လုံးပေါ်မှ မတ်တပ်ထရပ်လိုက်ပုံနှင့် ဟန်ချက်ထိန်းနိုင်စွမ်းတို့က ကျွန်ုပ်တို့၏ သက်တမ်းမည်မျှရှိသည်ကို ဖော်ပြနေသည့် အညွှန်းများဖြစ်ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။
ဗြိတိန်နိုင်ငံမှ ဆေးသုတေသနကောင်စီသည် အသက် ၁၈မှ အသက် ၈ဝကျော်အတွင်းရှိ နိုင်ငံပေါင်း ၃၃နိုင်ငံမှ စေတနာ့ဝန်ထမ်းများအား လက်ဆွဲနှုတ်ဆက်ရာတွင် သုံးသည့် ညှစ်အားကို တိုင်းတာလေ့လာခဲ့ကြပြီး ထိုညှစ်အားသည် ဘဝသက်တမ်းနှင့် ဆက်နွယ်နေကြောင်းကို လူငယ်သာမက လူကြီးများတွင်ပါ တွေ့ရှိခဲ့ကြသည်။ အခြား လေ့လာစမ်းသပ်ချက်များဖြစ်သည့် လမ်းလျှောက်နှုန်း၊ ကုလားထိုင်မှ ထပုံနှင့် မတ်တပ်ရပ်ရာတွင် ဟန်ချက် ထိန်းနိုင်စွမ်းတို့ကို အသက်ခြောက်ဆယ်နှင့်အထက် လူကြီးများတွင် လေ့လာခဲ့ကြသည်။ သုတေသနပညာရှင်များက ယခုကဲ့သို့ ရိုးရှင်းသော စစ်ဆေးတိုင်းတာမှုများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၌ ကျန်းမာရေးကို စောင့်ကြည့်လေ့လာရန်နှင့် လမ်းညွှန်ဆုံးဖြတ်ချက်များကို ချရန် အသုံးပြုနိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။