
ဆန်ဖရန်စစ်စကို မြို့တော်ရဲ့ ပို့ဆောင်ဆက်သွယ်ရေးစနစ်တစ်ခုဖြစ်တဲ့ မီးရထားထိန်းချုပ်မှုစနစ်ကို ဟက်ကာများမှ ပြီးခဲ့တဲ့ ရုံးပိတ်ရက် မှာ ထိန်းချုပ်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ မီးရထားစနစ်ရဲ့ ငွေပေးချေမှုစနစ်၊ စက်တွေကို ထိန်းချုပ်ခဲ့ပြီး ခရီးသည်များအားလုံး လက်မှတ်ခ တစ်ပြားတစ်ချပ် မှမကုန်ဘဲ အခမဲ့ စီးနင်းနိုင်တဲ့ စနစ်အဖြစ်သို့ ပြောင်းလဲခဲ့ပါတယ်။ လက်မှတ်ဖြတ်စက်တွေ အပေါ်မှာ ” You hacked. All data encrypted” ဟူသော စာများပေါ်လာပြီး စနေနေ့မနက်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ ဟက်ကာ ဟာ ဆန်ဖရန်စစ်စကို မြို့တော်ရဲ့ မြူနီစပယ် စနစ်တစ်ခုလုံးကို ဝင်ရောက်ထိန်းချုပ်ခဲ့ပြီး ငွေပေးချေမှုစနစ်တွေအားလုံးကို ရပ်ဆိုင်းပစ်ခဲ့ကာ ရထားဘူတာအတွင်းသို့ မည်သူမဆို ဝင်ထွက်သွားလာနိုင်အောင် ဂိတ်တံခါးများကို ပွင့်စေခဲ့ပါတယ်။ ဒါကြောင့် ခရီးသည်အားလုံး ပိုက်ဆံ တစ်ပြားမှ မပေးရဘဲ ဝင်ထွက်သွားလာခဲ့ပါတယ်။
စနေနေ့ တစ်နေ့လုံး ဖြစ်ခဲ့တာဖြစ်ပြီး လည်ပတ်မှုစနစ်အားလုံးကို တနင်္ဂနွေနေ့ မနက်ပိုင်းမှာ တာဝန်ရှိသူများက ပြန်လည် ထိန်းချုပ်နိုင် ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လိုမျိုး ထိန်းချုပ်မှုကို ရယူခဲ့လဲဆိုတာကိုတော့ တာဝန်ရှိသူများက မပြောကြားခဲ့ပါဘူး။ မြူနီစပယ် စနစ်တစ်ခုလုံး ကို ထိန်းချုပ်နိုင်ခဲ့တဲ့ ဟက်ကာ ဟာ ခရီးသည်တိုင်းရဲ့ အချက်အလက် အားလုံးကို သာမက ဆန်ဖရန်စစ်စကို မြူနီစပယ်ရဲ့ ဝန်ထမ်းတွေ ရဲ့ အချက်အလက် တွေအားလုံးကိုပါ ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ခရီးသည် တစ်ဦးက ” ကျနော်တို့ဟာ မလုံခြုံတော့ပါဘူး။ ကျနော် တို့ ဘယ်သွားနေတယ် ဘယ်မှာရှိနေလဲဆိုတာကို သူတို့တွေသိနေနိုင်ပါတယ် ” လို့ သူ့ရဲ့ စိတ်ခံစားချက်ကို ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဒီလိုမျိုး ဟက်ကာတွေရဲ့ ထိန်းချုပ်မှုကြောင့် ဆန်ဖရန်စစ်စကို မြူနီစပယ်ရဲ့ တစ်ရက်တာ ဝင်ငွေအများကြီးနစ်နာဆုံးရှုံးခဲ့ ရပါတယ်။ တစ်ရက်ကို လက်မှတ် အရေအတွက်ပေါင်း ၈သိန်းကျော်ခန့် နဲ့ နေရာပေါင်း အခု ၂ဝကျော်လောက်ကို ပို့ဆောင်ဆက်သွယ် ပေးနေတာဘဲ ဖြစ်ပါတယ်။
Ref: MarketWatch