
အမေရိကန် ရေတပ်သားများရဲ့ အချက်အလက် ၁၃၄၃၈၆ ခန့်ကို ဟက်ကာများမှ ခိုးယူဖောက်ထွင်းခဲ့တယ်လို့ အမေရိကန် ရေတပ်ဌာန ချုပ်မှ တရားဝင် ကြေငြာပြောကြားခဲ့ပါတယ်။ ရေတပ်သားများရဲ့ ကိုယ်ရေးရာဇဝင် အပါအဝင် အခြားအရေးကြီး အချက်အလက်များကို ပါ ခိုးယူဖောက်ထွင်းခြင်းကို ခံခဲ့ရပါတယ်။ အမေရိကန်ရေတပ်နဲ့ Hewlett-Packard (HP) ကုမ္ပဏီတို့ဟာ ၂၀၁၃ခုနှစ်ထဲက Next Generation Enterprise Network ပရောဂျက်အတွက် အမေရိကန် ဒေါ်လာ ၃.၅ ဘီလီယံ ဖြင့် စာချုပ်ချုပ်ဆိုထားပြီး ယင်းပရောဂျက်ကို အမေရိကန် ရေတပ်ရဲ့ Intranet အနေအဖြစ် အသုံးပြုတာဖြစ်ပါတယ်။
Intranet ကွန်ရက်နှင့် ချိတ်ဆက်ခွင့်ရှိသော Laptop ကွန်ပြူတာ တစ်လုံးမှနေ၍ အချက်အလက်များစွာကို ခိုးယူခံခဲ့ရခြင်းဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ Laptop မှာ ယခင်ထဲက ဟက်ကာများရဲ့ စောင့်ကြည့်ခြင်းကို ခံနေရခြင်းဖြစ်ပြီး အမေရိကန် ရေတပ်၏ သီးသန့် Intranet ကွန်ရက်သို့ ချိတ်ဆက််လိုက်သော အခါမှ အချက်အလက်များစွာကို ယင်း Laptop ကို ကြားခံအဖြစ်အသုံးပြုပြီး ခိုးယူသွားတာ ဖြစ်ပါတယ်။