Home Knowledge သင်ဖြည့်ဆည်းရမယ့် ငွေရဲ့လိုအင်(၅)ချက်

သင်ဖြည့်ဆည်းရမယ့် ငွေရဲ့လိုအင်(၅)ချက်

0
သင်ဖြည့်ဆည်းရမယ့် ငွေရဲ့လိုအင်(၅)ချက်

ငွေဆိုတာလှည့်စားတတ်တယ်။ငွေဆိုတာကျားမြီးဆွဲသလိုကိုင်တွယ်ရခက်တယ်လို့ ခဏခဏ ပြောသံ တွေ ကြားနေရတယ်။ အံ့သြစရာကောင်းတာက လူတွေက ငွေအမြဲလိုနေကြတယ်။ ထပ်ကာထပ်ကာ လိုနေကြတယ်။ ရှာဖွေရခက်ခဲသလို လိုက်ဖမ်းရတာလည်းအင်မတန်ခက်လှပါတယ်။ငွေလုံလောက်တယ်ဆိုတဲ့ အသံက ခပ် နည်းနည်းရယ်။ “ငွေ” နဲ့ “အလုံအလောက်”ဆိုတဲ့စကားနှစ်လုံးကို တွဲရက်သားဖြစ်နိုင်ဖို့အတွက် ဆိုရင်တော့ အများနဲ့မတူတဲ့ ရှုထောင့်အမြင်က ရှုမြင်ဖို့အကြံပြုလိုပါတယ်။

ဒါဆိုရင် ဘယ်လိုအမြင်မျိုးသို့ပြောင်းကြည့်ရမှာလဲ။ ငွေကို သိပ္ပံပညာတစ်ခုလိုပဲ အမြင်ပြောင်း ကြည့် လိုက်ပါ။ သိပ္ပံဆိုတာ တိုင်းတာနိုင်တဲ့အရာတွေ ၊ရေတွက်လို့ရတဲ့ အရာတွေနဲ့ ဖွဲ့စည်းထားတယ်။ သိပ္ပံက အမြဲ တမ်းခက်ခက်ခဲခဲလေးတွေ ရှိနေတတ်ပြီး သူ့နောက်မှာ အတွေးအမြင်နဲ့ ဆင်ခြင်မှုတွေပါ ပါတယ်။ အမြဲစူးစမ်း ရှာဖွေဖို့ အသင့်အနေအထား မှာရှိနေတတ်ပြီး အသစ် အသစ်တွေကိုလည်း အမြဲဖော်ထုတ်နေတတ်ပါတယ်။ ငွေကလည်းဒီသဘောအတိုင်းပါပဲ။

တကယ်တော့ငွေဟာ လူအများထင်သလို ဖမ်းရခက်လောက်အောင် လှည့်ဖျား တတ်တဲ့အရာ တစ်ခု တော့မဟုတ်ပါဘူး။ သင့်အနေနဲ့ ငွေက ဘာကိုသဘောကျသလဲ၊ သူ့အတွက်ကိုယ်က ဘာတွေကို ကြိုးစားပေး ဖို့လိုသလဲဆိုတာတော့ သိထားပြီး သင်ကြိုးစားလုပ်ဖို့သာလိုတာပါ။ ကဲ၊ဒါဆိုရင် ငွေက ဘာတွေကို သဘော ကျပါသလဲ။ ဘာတွေကို လိုအပ်တာလဲ။ လိုအပ်တာက သင်ဖြည့်ဆည်းရမယ့် ငွေရဲ့လိုအပ်ချက်(၅)ချက်ပါပဲ။

(၁) ငွေက သစ်လွင်နေတာမျိုးကိုသဘောကျတယ်။
လူတွေသုံးကြတဲ့အရာတိုင်းဟာ တစ်နေရာတည်းမှာ ကြာရှည်အငြိမ်ထားရင် မှိုတွေတက်မယ်။ ဘက် တီး ရီးယားတွေ  ပေါက်ဖွားမယ်။  ငွေကလည်း တစ်နေရာတည်း အငြိမ်ထားတာမျိုးကို မကြိုက်ပါဘူး။ သူကစွန်စား ချင်နေတယ်။ သစ်လွင်နေချင်တယ်၊ အသစ် အသစ်တွေကို မြင်တွေ့ရဖို့မျှော်လင့်နေတတ်ပါတယ်။ ဒီသဘော တွေကို ခြုံလိုက်ရင် ငွေကသူ့ကို အရှင်ထားစေချင်တယ်။ တနည်းပြောရရင် ရင်းနှီးမြှုပ်နှံစေချင်တာပေါ့။

(၂)ငွေက တိကျတဲ့ရည်မှန်းချက်တစ်ခုကို လိုအပ်နေတာ။
ဒါကငွေနဲ့ပတ်သက်ပြီး အခြေခံကျတဲ့အချက်ဖြစ်ပါတယ်။ လူတစ်ယောက်က တစ်ခုခုကို မဖြစ်မနေ ဝယ်ကိုဝယ်ရမယ့်အခါမျိုးမှာ လိုအပ်တဲ့ငွေပမာဏ ရလာတတ်တာမျိုးကိုကြုံဖူးကြပါလိမ့်မယ်။ တစ်ခုခုကို တိတိကျကျ သတ်သတ်မှတ်မှတ် မရှိဘူးဆိုရင်တော့ ငွေပမာဏလိုအပ်ချက် က အမြဲလိုလိုလျော့နေ တတ်ပါတယ်။ လူရဲ့ စုဆောင်းတတ်တဲ့စိတ်ပညာသဘောအရ တိကျတဲ့ရည်မှန်းချက် ရှိမယ်၊အောင်မြင်အောင်လည်း ကြိုးစားမယ်ဆိုရင် ငွေကလည်း သင့်လိုအင်ကို ဖြည့်ဆည်းပေးပါလိမ့်မယ်။

(၃) ငွေက ရေရှည်မျှော်မှန်းတွက်ဆတာကို လိုအပ်နေတာ။
လူအများစုကငွေကို ချက်ချင်းစဉ်းစား ဆုံးဖြတ်ပြီး သုံးစွဲတတ်ကြပါတယ်။ ဒါဟာငွေကြေးပြဿနာရဲ့ အကြောင်းရင်း တစ်ခုလည်းဖြစ်ပါတယ်။ မိသားစုတစ်စုက မနက်တိုင်း ကော်ဖီ၊လက်ဖက်ရည်၊မုန့် တစ်ခုခု ပဲ စားဦး၊တစ်နေ့ကို ၃ဝဝဝကျပ်တော့ကုန်မှာပဲ။ ဒီလောက်နဲ့ကတော့ဆင်းရဲမသွားပါဘူးလို့ စဉ်းစားဆုံး ဖြတ်ကြ တယ်။ တစ်နှစ်ဆိုရင် ၁၀၉၅၀၀၀ ကျပ်ကုန်မယ်။ ဒီလောက်နဲ့လည်း မွဲမသွားပါဘူးလို့တွေးကြပြန်တယ်။ ကဲ ဒါဆိုရင်တော့ ဂဏန်းတွက်စက်ယူပြီးတွက်ကြည့်လိုက်ပါဦး။ အသေးအမွှားဆိုတဲ့အသုံးစရိတ်က  အချိန် ကာလ တစ်ခုမှာ ဘယ်မျှလောက်ထိ တာသွားတယ်ဆိုတာကို သတိပြုမိလာပါလိမ့်မယ်။ ဒါကြောင့်ငွေက သူ့ကို ရေရှည်တွက်ဆပြီး သုံးစေချင်တာ ဖြစ်ပါလိမ့်မယ်။

(၄)ငွေက သူ့ကိုချစ်ခင်သူကိုပဲ ရှာနေတာ။
ဒါက သင့်ကို ငွေပဲရှေ့တန်းတင်ဖို့ပြောနေတာ မဟုတ်ပါဘူး။ သင်ချစ်တဲ့အရာတစ်ခုအပေါ် သင်ဘယ် လို သဘောထားပါသလဲ၊ ဘယ်လိုပြုမူသလဲ။ ဒီအတိုင်းလုပ်ရုံသာအကြံပြုတာပါ။ သင်ချစ်တဲ့အရာအပေါ် ရည်မှန်းချက်၊ ယုံကြည်ချက်တွေရှိကြတယ်။ တန်ဖိုးထားတယ်။ လေးလေး နက်နက် ရှိတယ်။ သင်တန်ဖိုးထားတာကို ပိုင်ဆိုင်လိုကြတယ်။ ငွေကလည်း သင့်ကို ဒီသဘောမျိုးရှိစေချင်တာ။

(၅) ငွေက ပေးကမ်းစွန့်ကြဲတာကို လိုချင်တယ်။
နောက်ဆုံးမီးမောင်းထိုးပြလိုက်တဲ့ ဒီအချက်ကတော့ နည်းနည်း ဆန့်ကျင်ဖက်ဖြစ် ချင်ဖြစ်နေ မယ် ထင်ပါတယ်။ လောကရဲ့လှို့ဝှက်ချက်လို့ပဲ ဆိုရလေမလား။ ရှိတဲ့ငွေရဲ့ ရာနှုန်းတစ်ချို့ကို ပေးကမ်းလှူဒါန်း စွန့်ကြဲခြင်းဟာ ငွေကို ပိုမြဲစေတယ်ဆိုတာ ယုံလိုက်ပါ။ ဆိုရိုးတောင်ရှိတယ်မဟုတ်လား ။ လှူလို့မွဲတယ်ဆိုတာမရှိပါဘူး။

ကဲ၊မိတ်ဆွေ၊နောက်ဆုံးထပ်ပြီးသတိပေးချင်ပါတယ်။ သင့်ဘဝပျော်ပျော်ရွှင်ရွှင်နဲ့ ရေရှည် အသက်ရှင် နေထိုင်နိုင်အောင် ကူညီပေးနိုင်တဲ့ ကိရိယာက ငွေဆိုတာမမေ့လိုက်ပါနဲ့။ သင့်ဘဝ အရာရာမျှတစွာနေထိုင်နိုင်ဖို့ ကူညီပေးနိုင်တဲ့အရာကလည်း ငွေဆိုတာ မမေ့လိုက်ပါနဲ့။ လူတွေဟာ မိုးလင်းကနေတဝင် ငွေပင်ကို လိုက်ရှာ နေကြတယ်ဆိုတာလည်း မမေ့လိုက်ပါနဲ့။ ဒါကြောင့် သင်က ငွေလိုချင်ရင်  ငွေကဖြစ်စေချင်တဲ့ အရာတွေကို လည်း သင်လိုက်လျောဖို့ ကြိုးစားလိုက်ပါဦးလို့ အကြံပြုပါရစေ။ ငွေကြေးသောကမှကင်းဝေးကြပါစေ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: