Home Knowledge Inspiration Howard Schultz ထံမှရသော ခေါင်းဆောင်မှု သင်ခန်းစာတစ်ခု

Howard Schultz ထံမှရသော ခေါင်းဆောင်မှု သင်ခန်းစာတစ်ခု

0
Howard Schultz  ထံမှရသော ခေါင်းဆောင်မှု သင်ခန်းစာတစ်ခု

Howard Schultz လို့ပြောလိုက်တာနဲ့ စတားဘတ် (Starbucks) ကော်ဖီ ကို ပြေးမြင် မိကြ မှာပါ။  နှစ်ပေါင်းများစွာ ပြင်ပကမ္ဘာနဲ့ ကင်းကွာပြီးအထီးကျန်ခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံမှာတော့ ယခုအချိန်ထိ စတားဘတ်အမှတ်တံဆိပ် ကို မတွေ့မြင်ရသေးပါဘူး။ နိုင်ငံပြင်ပသို့ မရောက်ဖူးခင် ကာလကတည်းက အစားအသောက်နဲ့ ပတ်သက်ပြီး ရူးသွပ်ခဲ့တဲ့ ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်နှစ်ခု ရှိပါတယ်။   KFC နဲ့  Starbucks  ပါပဲ။ တောသားမြို့ရောက် အရင်စလို  စတားဘတ်သောက်ပြီး လျှာအပူလောင်ခဲ့ရတာကို  ခုထိ သတိရနေဆဲပါ။ တစ်ချို့စာဖတ်သူတွေ လည်း ခံစားဖူးကြမယ်ထင်ပါတယ်။ စတားဘတ် ကော်ဖီဘာကြောင့် ခုလိုအောင်မြင်လာရတာလဲ။ အကြောင်း ပေါင်းတွေ များစွာထဲက အဓိကကျတဲ့အချက်တစ်ချက်ကိုပြောမယ်ဆိုရင် စီအီးအို Howard Schultz ရဲ့ထူးချွန် တဲ့ ဦးဆောင်မှု ကြောင့်လိုပဲ ပြောရပါလိမ့်မယ်။

တကယ်တော့  Schultz ဟာ   Starbucks ကို လွယ်လွယ်နဲ့ရောက်လာခဲ့ရတာမဟုတ်သလို ဘာမှကို မဟုတ်သေးတဲ့ အပင်ပေါက်ဘဝသာရှိသေးတဲ့လုပ်ငန်းတစ်ခုကို မရမကရွေးချယ်ခဲ့တာကလည်း ယုံကြည်ချက် တစ်ခုရဲ့ ပြယုဒ်လို့ဆိုရမှာပါ။ Starbucks မရောက်ခင် သူက ဆွီဒင်လူမျိုး အိမ်သုံးပစည်း၊အထူးသဖြင့် ကော်ဖီဖျော်စက်တွေထုတ်လုပ်တဲ့  Hammarplast  ရဲ့ နယူးယောက်ရုံးမှာ နေရာကောင်းရထားတဲ့သူပါ။ အမေရိကန်ရုံးခွဲရဲ့ ဒုဥကဋ္ဌနဲ့အထွေထွေ မန်နေဂျာရာထူးကိုတောင် ပိုင်ဆိုင်ထားတဲ့သူပါ။ ၁၉၈၁ ခုနှစ် မှာပေါ့။ တစ်နေ့သူရောင်းအားတွေကိုကြည့်နေရင်း ထူဆန်းတာတစ်ခု ကိုသွားတွေ့ပါတယ်။  Seattleမှာရှိတဲ့လက်လီ အရောင်းဆိုင်လေး တစ်ဆိုင်ကနေ ကော်ဖီဖျော်စက်တွေကို မထင်ရလောက်အောင်ထိ  မှာယူနေတာကို သွားတွေ့ပါတယ်။ ဘာကြောင့်လဲဆိုတာကို သိချင်ဇောနဲ့ Seattleကိုလေယာဉ်နဲ့ပေါက်ချသွားပါတော့တယ်။ တစ်ခုခုထူးခြားနေတယ်လို့ ထင်တယ်။ သူထင်တဲ့အတိုင်းပါပဲ။ ကော်ဖီချစ်သူများထူတောင်ထားတဲ့ စတိုးဆိုင်နဲ့ ကော်ဖီအပေါ်နှစ်သက် ခုံမင်နေမှုတစ်ခုကို သွားတွေ့ပါတယ်။ နေရာတစ်ခုလုံး နှပ်ထားတဲ့ကော်ဖီတွေကလည်း စိတ်ထဲ အားတက်စရာပါ။ ပြီးတော့လည်းထူးဆန်းတဲ့ ကော်ဖီ အရသာလေးကိုပဲ ဝယ်ယူမြည်းစမ်းဖို့ဝင်လာနေသူတွေကလည်းအများသား။ Schultz အဖြေတစ်ခုကိုတွေ့လိုက်ရသလို သူလာရတာလည်း တန်သွားပြီလို့သိလိုက်ပါတယ်။ ဒီမှာတင် သူ့စိတ်ထဲ အလုပ် သစ်တစ်ခုလုပ်ချင်စိတ် ဖြစ်လာပါတယ်။ အဲဒီအလုပ်သစ်ကတော့ ဒီ Starbucks ဆိုတဲ့ ကော်ဖီ ဆိုင်လေးထဲက အလုပ်တစ်ခုပေါ့။

တွေးကြည့်ရင်တော့ အံ့သြစရာပါ။ သူကအစစအဆင်ပြေနေပြီး နေရာကောင်း ရထားသူတစ်ယောက်လေ။ သူ့အမေကလည်း သဘောမတွေ့ပါဘူး။ ဘယ်သူမှသူ့အစီအစဉ်ကို သဘောမကျကြပါဘူး။ သူ့အမေကဆိုရင် “ သားက ကောင်းကောင်းလုပ်နေတာမို့  သားအတွက် အနာဂတ်ရှိတာပဲ။ ဘယ်သူမှတောင် မကြားဖူးသေးတဲ့  ဒီလိုကုမ္ပဏီပေါက်စနလေးအတွက် သားအလုပ်ကို ဘာကြောင့် စွန့်လွှတ် ရမှာလဲ။ စျေးကွက်လေ့လာ ကြည့်ပြန်တော့လည်း ကော်ဖီစျေးကွက်က အဆိုးဘက်ပဲရှိနေတာလေ“ လို့တားခဲ့ပါသေးတယ်။

တကယ်တော့ သူကသာ Starbucks မှာ လုပ်ချင်နေတာ Starbucks ကတော့ သူ့ကို ခေါ်ဖို့အစီအစဉ်မရှိသေးပါဘူး။ ကိစ္စမရှိဘူး။ သူကယုံကြည်ချက်ရှိတဲ့သူတစ်ယောက်လေ။ အလုပ်များရလေမလားလို့ ပုံမှန်သွားပြီးတွေ့ဖြစ်ပါတယ်။ ရက်ကနေ လချီကြာလာတော့ ပိုင်ရှင်တစ်ဦးဖြစ်တဲ့ Jerry Baldwin ကို သူ့ဖက်ပါအောင်လုပ်လာနိုင်ပါတယ်။ ဘယ်သူတွေဝေဖန်တာကိုမှ မဖြုံတဲ့ Schultz ကတော့ နောက်တစ်ဆင့်တက်ပြီး တည်ထောင်သူတွေနဲ့ စကားပြောပြန်ပါတယ်။ တည်ထောင်သူတွေထဲမှာ Jerry နဲ့ကတော့ လပေါင်းများစွာတွေ့ဆုံစကားပြောဖြစ်ကြတယ်။ သူကို ခေါ်နိုင်လောက်အောင်အထိ အတွေးမျိုးစုံ၊နည်းမျိုးစုံနဲ့  ရောင်းချ ခဲ့တဲ့အတွက် နောက်ဆုံးတော့  Jerry က ရင်းနှီးမြှုပ်နှံသူတွေနဲ့အတူ ညစာစားပွဲကို စီစဉ်ပေးဖို့ ဆုံးဖြတ်လိုက်ရပါတယ်။

Schultz အတွက်တော့ဒါဟာ အခွင့်ကောင်းပဲ ဆိုတာ သိလိုက်ပါတယ်။ ဒါဟာသူ့ကိုငှားရမ်းဖို့နောက်ဆုံးအတားအဆီးလို့ ခန့်မှန်းလိုက်တယ်။ ဒီအတွက် လိုအပ်တာတွေကိုပြင်ဆင်ပါတယ်။  ဒါပေမယ့် နောက်တစ်နေ့မနက် Jerry ဆီက ဖုန်းလာတော့“  စိတ်မကောင်းပါဘူး ဟိုဝေါဒ်ရယ်၊ သတင်းဆိုးပဲ။သူတို့က မင်းကို အလုပ်မပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်” ဆိုတဲ့ အသံလည်းကြားလိုက်ရော ဘာကြောင့်လဲဆိုတာကို မေးဖို့တောင် မနည်းသတိမွေးရတဲ့အထိ ကြေကွဲခံစားခဲ့ရပါတယ်။ Jerry ပြန်ပြောတာကတော့ Schultz က ပြောင်းလဲဖို့ ကိစ္စတွေ အတော်များများပြောတော့ ကုမ္ပဏီက လည်းခုမှ ပေါက်စနလေးဆိုတော့ အဆင်သင့်မဖြစ်သေးဘူဆိုတဲ့ အကြောင်းပေါ့။

Schultz ရဲ့ ယုံကြည်မှု နဲ့ဇွဲက ဒီလောက်နဲ့ပြိုလဲမသွားခဲ့ပါဘူး။ သူက Jerry ကို သူ့ကို မငှားတာဟာ အမှားတစ်ခုကို လုပ်လိုက်တဲ့အကြောင်း၊သူကကုမ္ပဏီကိုဘယ်လောက်ထိစိတ်ထဲစွဲစွဲမြဲမြဲရှိတဲ့အကြောင်းနဲ့သူဘယ်လောက်ထိ လုပ်ပေးနိုင်တယ်ဆိုတဲ့ အကြောင်းတွေကို စီကာပတ်ကုံးပြောလိုက်ပါလေရော။ နောက်ဆုံး မှာတော့ သူ့ထက် ၁၄နှစ်စီနီယာကျတဲ့ Jerry ဟာ စိတ်ပြောင်းပြီးသူ့ကို လက်ခံ ယုံကြည်လာ ပါ တော့တယ်။ ဒီအလုပ်ရဖို့ အချိန်ကာလအားဖြင့် တစ်နှစ်ကြာခဲ့ပါတယ်။ လူအများစုကတော့အလုပ်တစ်ခုအတွက် ဒီလောက် အချိန်ဘယ်ပေးမလဲ။ ပယ်လိုက်ပြီဆိုတာနဲ့ ချက်ချင်းကျောခိုင်းလိုက်ကြတာပါပဲ။

Starbucks ရယ်လို့ဖြစ်တည်လာဖို့  Schultz  ရုန်းကန်ခဲ့ရတဲ့ နောက်ထပ် အကြောင်းရင်း ပေါင်းများ စွာထဲက တစ်ခုကိုလည်း တင်ပြချင်ပါသေးတယ်။ အဲ့ဒါကတော့ သူအီတလီကပြန်လာပြီးနောက်ပိုင်း အီတလီလူမျိုးတွေရဲ့ အက်စပရက်ဆို ( Espresso) ဘားအယူအဆအပေါ် အာရုံကျခဲ့တဲ့ကိစ္စပါ။ သူက ဒီအိုင်ဒီယာကို အမေရိကက Starbucks မှာ မိတ်ဆက် အကောင်အထည် ဖော်ချင်တယ်။ Jerry ကတော့ သူအဆိုကို လက်မခံချင်ပါဘူး။နောက်ဆုံးတောင်းတောင်းပန်ပန်နဲ့ ပြောတော့  Starbucks ဆိုင်တစ်ဆိုင်မှာ ရှေ့ပြေးအနေနဲ့လုပ်ခွင့်ပြုလိုက်ပါတယ်။ သူ့အိုင်ဒီယာဟာ Starbucks ရဲ့လုပ်ငန်းပုံစံမဟုတ်တဲ့အတွက်  အတော်ခက်ခဲတဲ့ ကိစ္စပါ။ အဲ့ဒီတုန်းက ကြုံခဲ့ရတာတွေကို Schultz က “မသေချာမှု တွေကြောင့် လပေါင်းများစွာ စိတ်သောကရောက်ခဲ့ရပြီးကတုန်ကယင် ဖြစ်ခဲ့ရတယ်။ Starbucksအပေါ်သစ္စာရှိမှုနဲ့ အီတလီစတိုင် အက်စပရို ဘားတွေအပေါ်သူ့ရဲ့ယူကြည်မှု ဒီနှစ်ခုအကြားလွန်ဆွဲနေတဲ့ စိတ်တွေက အတော့်ကို ခံစားရခက်ပါတယ်“လို့ ပြောခဲ့ပါတယ်။ သူ့စိတ်ကူးစိတ်သန်းအပေါ်မှာ ကုမ္ပဏီက စိတ်ဝင်စားမှု သိပ်မပြပေမယ့် သူကတော့ သူ့စိတ်ကူးကို မစွန့်လွှတ်ခဲ့ပါဘူး။ “စိတ်အာရုံတွေထွေပြားပြီး ကျွန်တော့်ရဲ့ စိတ်ကူး တွေကို လက်လျှော့မိမှာစိုးလို့ တစ်နေကုန်အလုပ်တွေကိုသာဖိပြီးလုပ်နေခဲ့တယ်။ ကျွန်တော့်စိတ်ကူးကိုတော့ လက်မလျှော့ခဲ့ဘူး” လို့ Schulz က ပြောခဲ့ပါတယ်။ တကယ်တော့ စိတ်ကူးတစ်ခုအပေါ်ယုံကြည်ရုံနဲ့တော့ အရာတစ်ခုက အကောင်အထည် ပေါ်လာတာ မဟုတ်ပါဘူး။ “ငွေတွေတိုးရလာဖို့ကြိုးစားခဲ့ရတဲ့အချိန်ကာလကဆိုရင် လူ ၂၄၂ ယောက်ကိုပြောတာ ၂၁၇ ယောက်က ခေါင်းခါခဲ့ ကြပါတယ်။ ခင်ဗျာတို့ရဲ့ စိတ်ကူးတစ်ခုက ဘာမှ ရင်းနှီးမြှပ်နှံချ င်လောက်အောင်ထိ  တန်ဖိုးမရှိပါဘူးလို့ ကြိမ်ဖန်များစွာ ငြင်းပယ်ခံရတဲ့ အခါမျိုးမှာ ဘယ်လောက်တောင် စိတ်ပျက်အားငယ်မလဲဆိုတာ စဉ်းစားကြည့်ပေါ့ဗျာ”လို့ Schulz ကရှင်းပြခဲ့ပါတယ်။

Schultz က ယုံကြည်ချက်အတွက် တကယ်ပဲခေါင်းမာတဲ့သူပါ။ သူကတော့သူ့အောင်မြင်မှုမှာ အကြီးမားဆုံး အစိတ်အပိုင်းတစ်ခုကတော့ ဇွဲလို့ ပဲပြောပါလိမ့်မယ်။ “လူအများစုကတော့ ကော်ဖီဆိုင်တစ်ဆိုင် လောက်ဖွင့်ဖို့ စိတ်ကူးအိမ်မက်ရှိကြပါတယ်။ ဒါပေမယ့်  အနည်းစုလောက်ပဲတကယ်လုပ်ဖြစ်ကြတာပါ” လို့ သူ့ရေးခဲ့ပါသေးတယ်။ တကယ်တော့ ဘာမှမသေချာသေးတဲ့ကြားကာလမှာ ဇွဲနဲ့တောင့်ထားဖို့ဆိုတာ အတော်ခက်ခဲပါတယ်။ သောင်မတင်ရေမကျ အခြေအနေမှာ ကိုယ့်ယုံကြည်ချက် စိတ်ကူးအပေါ်မှာ ရသမျှစွမ်းအားတွေထည့်ပြီး ဆက်လက်ကြိုးစားတယ်ဆိုတာ လူနည်းစုတွေသာလုပ်တဲ့ ကိစ္စပါ။ “အဲ့ဒီနှစ်တွေကဆိုရင် တကယ့်ကို အနှိမ်ခံရတဲ့ကာလပေါ့။ ကျွန်တော့ဘဝရဲ့ အခက်ခဲအကြမ်းတမ်းဆုံးကာလပါပဲ။ အဲ့ဒီတုန်းက ကျွန်တော့်အသက်က ၃၂ နှစ်၊ Seattle ကို ရောက်တာဆိုလို့ (၃)နှစ်ပဲရှိပါသေးတယ်”လို့ သူ့အတွေ့အကြုံဟောင်းတွေကိုပြန်ပြောပြခဲ့ပါတယ်။

ငယ်ငယ်တုန်းက ယုံနဲ့လိပ်အပြေးပြိုင်ကြတဲ့ပုံပြင်ကို အားလုံးသိကြပါတယ်။ ဒီပုံပြင်မှာ အပြေးမြန်တဲ့ကိုရွှေယုန်ရဲ့ တရေးအိပ်ထပြေးလည်း လိပ်လောက်တော့နိုင်ပါတယ် ဆိုတဲ့ အတွေးနဲ့ လုပ်ရပ်ဟာ နှေးလွန်းတဲ့ ကိုရွှေလိပ်အတွက် အခွင့်အခါကောင်းပါပဲ။ ဒါပေမယ့်ဘယ်လောက်ကောင်းတဲ့အခွင့်အခါပဲကြုံကြုံ ကိုရွှေလိပ်သာဇွဲနဲ့ ဆက်မကြိုးစားရင်တော့ ဒီလိုကြုံတောင့်ကြုံခဲလှတဲ့အောင်မြင်ကိုမရနိုင်ပါဘူး။

ခုလည်းစိတ်ကူးကောင်းအခွင့်အလမ်းကောင်းတွေကို ခိုင်မာတဲ့ယုံကြည်ချက်နဲ့ ရပ်တည်ပြီးစတင်ကြိုးစားခဲ့တာ နှစ်ပေါင်း(၃၀)မှာတော့ Starbucks ဆိုပြီးတစ်ကမ္ဘာလုံးသိတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်လာရုံသာမက၊၂၀၁၆မှာတစ်ကမ္ဘာလုံးဆိုင်ခွဲပေါင်း ၂၄၄၆၄ ရှိလာခဲ့ပြီး တစ်နှစ်ရောင်းအား(၂၀)ဘီလီယံနီးပါးအထိရှိတဲ့စျေးကွက်တစ်ခုကို ဖြစ်ထွန်းစေခဲ့ပါပြီ။ Howard Schultz ကတော့ ဦးဆောင်သူတို့ရဲ့ အောင်မြင်မှုမှာ ဇွဲအရေးပါပုံကို လက်တွေ့ပြသလိုက်ပါပြီ။

တစ်ခုခုကိုဖြစ်မြောက်အောင်လုပ်ပြီးသွားကြသူတိုင်းကတော့ ဇွဲ..ဇွဲ..ဇွဲလို့ ပြောနေကြဦးမှာပါ။စာဖတ်သူလည်း

ဒီသင်ခန်းစာလေးမှန်တယ်ဆိုတာ နောက်လူတွေကို ပြောပြဖို့ ကြိုးစားလိုက်ပါဦး။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: