Home How To ဒီနေ့အတွက် သင်ကံကောင်းအောင်လုပ်ပြီးပြီလား

ဒီနေ့အတွက် သင်ကံကောင်းအောင်လုပ်ပြီးပြီလား

0
ဒီနေ့အတွက် သင်ကံကောင်းအောင်လုပ်ပြီးပြီလား

လူသားတစ်ယောက်အနေနဲ့ ပထမဆုံးကံကောင်းခြင်းဆုလဒ်ဟာ လူ့ဘဝကိုရရှိလာခြင်းပဲဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ အဆုံးအမ အရ ဆိုရင် ဒီဘဝမှာ လူ့အဖြစ်ကိုရရှိပိုင်ဆိုင်နိုင်တာဟာ အတိတ်ကုသိုလ်ကံဆိုတဲ့ အတိတ်ဘဝတွေက ကောင်းသော အကြောင်းတရားတွေကို လုပ်ဆောင်ခဲ့တဲ့ အတွက်ရရှိလာတဲ့ အကျိုးရလဒ်ပင်ဖြစ်ပါတယ်။
လူဖြစ်လာကတည်းက ကံကောင်းလို့ပါ
လူအဖြစ်မွေးဖွားရှင်သန်ခွင့်ရပြီဖြစ်တဲ့ ကျနော်တို့တွေဟာ ကံကောင်းခြင်းနဲ့ ဒီလောကကို ရောက်ရှိလာကြ သူတွေ ဖြစ်တယ်ဆိုတာ အရင်ဆုံးသိထားဖို့လိုပါတယ်။ ဒီလောကကမ္ဘာမြေပေါ်ကို ကံကောင်းခြင်းနဲ့ ရောက်လာတဲ့ ကျနော်တို့ အနေနဲ့ ရှင်သန်လှုပ်ရှားနေရတဲ့ ဘဝတစ်လျှောက်မှာ ကံကောင်းခြင်းတွေကိုသာ ပိုမိုလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒါမှ တန်ဖိုးရှိတဲ့ ဘဝပိုင်ရှင်ဖြစ်ကြပါလိမ့်မယ်။ဒါကြောင့် သင့်အတွက်ဒီနေ့ကံကောင်း အောင်လုပ်ပြီး ပြီလားလို့မေးပါရစေ။
စိတ်စေတနာ ကောင်းမှ ကံကောင်းမယ်
အချိန်တိုင်းအချိန်တိုင်းမှာ ကံကောင်းနေဖို့ အချိန်တိုင်းမှာ စိတ်စေတနာ မှန်ကန် ကောင်းမွန်ဖို့ လိုပါတယ်။ ဘာ ကြောင့်လဲ။လူသားတွေအားလုံးရဲ့ ကိုယ်နဲ့ပြုလုပ်တဲ့ ကာယကံ နဲ့ နှုတ်နဲ့ပြုလုပ်တဲ့ ဝစီကံတွေအားလုံးရဲ့ လက်သည်ဟာ မနောကံလို့ခေါ်တဲ့ စိတ်အကြံ၊စိတ်အတွေးတွေကြောင့်ဖြစ်ပါတယ်။ဒါကြောင့် စိတ်အတွေး၊စိတ်အကြံကောင်းမှ ကံကောင်း မှာဖြစ်ပါတယ်။ တစ်နည်းပြောရရင် စိတ်ကို ကောင်းအောင်ပြင်နိုင်မှ ကျနော်တို့တွေကံကောင်းကြမှာပါ။
စိတ်ကိုပြင်ဖို့ လွယ်ရဲ့လား
စိတ်ကောင်းရင်ကံကောင်းမှာမို့ စိတ်ကို အကောင်းဖက်သို့ပြုပြင်ပေးနိုင်ရင် ကံကောင်းလာမှာမလွဲပါဘူး။ဒါဆိုရင် စိတ်ကို ပြင်ဖို့လွယ်သလား။ သာမန်လူတွေအတွက်တော့ စိတ်ပြင်ဖို့ဆိုတာ အတော့်ကိုခက်ခဲပါတယ်။ဘာကြောင့်လဲဆိုတော့ သာမန်လူတွေက အစဉ်ပြေးထွက်လှုပ်ရှားနေတတ်တဲ့ စိတ်ကို စူးစမ်းလေ့လာမှုမလုပ်ကြဘဲ စိတ်ရဲ့ လှုပ်ရှားရာ အတိုင်းပဲ လိုက်ပါနေတတ်ကြလို့ပါ။ သာမန်လူတွေရဲ့စိတ်က မျက်စိကမြင်ရတဲ့အရာတွေ၊နားကကြားတဲ့ အသံ၊လျှာက ခံစားရတဲ့ အရသာ၊နှာခေါင်းကရတဲ့ အနံ့အသက်တွေ၊ထိတွေ့လိုက်တဲ့ အထိအတွေ့တွေအပေါ်မှာပဲ ကျက်စားနေကြ သလို ကျက်စားနေမှန်း သူတို့ကိုယ်တိုင်တောင်မသိနိုင်ကြပါဘူး။ ဒီလိုကျက်စားရင်းနဲပဲ စိတ်ကဖန်တီးစီရင်တဲ့အတိုင်း ကံအမှုတွေကိုပြုလုပ်ဖန်တီးနေကြပါတယ်။ စိတ်ဆိုတာကလည်း မကောင်းတဲ့ အရာမှာပဲ မွေ့ပျော်တတ်တာမို့ လူသား တွေဟာ မိမိတို့ရဲ့စိတ်ကို ချုပ်ကိုင်ပြီး ကောင်းတဲ့ အာရုံဆီမရွှေ့ပြောင်းနိုင်သမျှ ကံမကောင်း အကြောင်းမလှဖြစ် နေကြမှာမလွဲပါဘူး။ဒါကြောင့် စိတ်ကိုပြင်ဖို့လွယ်သလားဆိုတော့ မလွယ်ဘူး။ဒါပေမယ့် တကယ်ပြင်ချင်ရင် နည်းလမ်း ရှိတယ်။ ပြင်လို့ရတယ်။ စိတ်ပြင်ဖို့ သင်က အဓိကကျပါတယ်မိတ်ဆွေ။
လူထဲကလူများ
သာမန်ထက်တစ်ဆင့်မြင့်တဲ့လူသားတွေကတော့ စိတ်ကို စောင့်ကြည့်လေ့လာတဲ့အလုပ်ကို လေ့ကျင့်ယူပြီး စိတ်ရဲ့ အတွေး အကြံတွေကို သိနေအောင် ကြိုးစားကြပါတယ်။ ဒီလူတွေဘာကြောင့် ဒီလိုကြိုးစားကြသလဲဆိုတော့ သူတို့တွေက စိတ်ရဲ့ သဘာဝကိုသိနားလည်ကြတယ်။ စိတ်ရဲ့ မကောင်းတဲ့ အတွေးအကြံတွေကို သိနေပြီး ကောင်းတဲ့ အတွေးအကြံတွေဆီကို ပြောင်းရွှေ့ဖို့ လေ့ကျင့်ရင်း ကံကောင်းအောင်ကြိုးစားကြတယ်။ အနောက်တိုင်းစာရေးဆရာ စတီဗင်ကိုဗေးရဲ့ ပါရာဒိုင်း အရွေ့(Paradigm shift) ဆိုတာနဲ့ နီးစပ်မယ်ထင်ပါတယ်။သာမန်ထက်ထူးကဲသူတွေဟာလည်းလူထဲက လူတွေပါပဲ။ ဒါပေမယ့် သူတို့က သူတို့ရဲ့စိတ်ကို သတိနဲ့ စောင့်ကြည့်ပြီး စိတ်ရဲ့စေရာနောက်ကိုမလိုက်ပါဘဲ သူတို့လိုတဲ့ ကောင်းမှု တွေဆီမှာ စုစည်းထားတတ်ကြတယ်။
သူတို့ဘယ်လိုလေ့ကျင့်ကြသလဲ
လူတွေအားလုံး အသက်ရှုနေကြပေမယ့် အသက်ရှုမှန်းမသိကြပါဘူး။ဒါပေမယ့် ရှုသွင်းရှူထုတ်ချိန်မှာ သတိကပ် လိုက်ရင်တော့ အသက်ရှုနေမှန်းသိပါလိမ့်မယ်။ အသက်ရှုနေမှန်းသိတဲ့ အချိန်တိုင်းမှာ စိတ်ကဘယ်မှမရောက် တော့ပါဘူး။ ဒီကတဆင့်တက်ပြီး၊လှုပ်ရှားမှုတိုင်းသတိလိုက်ပါရင် စိတ်က ငြိမ်သက်လာပါလိမ့်မယ်။ ဒီလိုသတိကောင်း လာရင် မကောင်းမှုဆီရောက်နေတတ်တဲ့စိတ်ဟာ ပစ္စုပ္ပန်မှာ သတိနဲ့အတူ စူးစိုက်ငြိမ်ဝပ်နေမှာမလွဲပါဘူး။ ဒီအခြေ အနေကိုရောက်လာပြီဆိုရင် သင်လုပ်သမျှ၊ကြံစည်သမျှတွေကို သင်သိနေတော့မှာပါပဲ။ ဒီအချိန်တွေဟာ သင် အတွက့် ကံကောင်းနေတဲ့ အချိန်ပါပဲ။ ဘာကြောင့် ကံကောင်းတာလဲ။ ဒီအချိန်တွေမှာ သင့်စိတ်ဟာ မကောင်းတဲ့ အာရုံတွေနောက်ကို မလိုက်ပါတော့တဲ့အတွက် ဖြစ်ပါတယ်။ စိတ်ကို သတိနဲ့ လိုက်ပါစောင့်ကြည့်လေ့မရှိကြတဲ့ သာမန် လူတွေရဲ့စိတ်ကတော့ အိပ်ချိန်ကလွဲရင် ထမင်းစားနေတာတောင် အပြင်မှာ ပြေးလွှား လျှောက်လည်နေ တာပါပဲ။ အိပ်နေတာတောင် တစ်ခါတစ်ရံမှာ နားချင်မှနားတတ်တာ ကြုံဖူးကြမှာပါ။
ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ၁၀မိနစ်လောက်ဖြစ်ဖြစ်စတင်လေ့ကျင့်ယူပါ။ အသက်ရှုမှုကို သတိပြုခြင်းကနေ စတင်ပါ။ သင်ရဲ့လှုပ်ရှားဆောင်ရွက်မှုအားလုံးမှာ အသက်ရှုတာကို သိသလိုသိနေတဲ့ အချိန်တိုင်းဟာ သင့် အတွက် ကံကောင်းခြင်းတွေဖြစ်ပါတယ်။ဒါကြောင့် ယခုပစ္စက္ခအခြေအနေတိုင်းမှာ သင့်ကိုယ်သင်ကံကောင်း အောင် လုပ် ဆောင်နိုင်ပါတယ်။ အဓိကကတော့ သင့်စိတ်ဟာ ပစ္စုပ္ပန်မှာရှိနေဖို့ပါပဲ။ စိတ်နဲ့ သတိကပ်ချိန်တိုင်း သင် ကံ ကောင်း ချိန်ဖြစ်ပါတယ်။ အချိန်တိုင်းကံကောင်းအောင်ဆောင်ရွက်နိုင်ကြပါစေ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: