Home Knowledge Inspiration ရစ်ချက်ဘရန်ဆန် (Richard Branson) ပြောတဲ့ အောင်မြင်မှုရဲ့ သော့ချက်

ရစ်ချက်ဘရန်ဆန် (Richard Branson) ပြောတဲ့ အောင်မြင်မှုရဲ့ သော့ချက်

0
ရစ်ချက်ဘရန်ဆန် (Richard Branson) ပြောတဲ့ အောင်မြင်မှုရဲ့ သော့ချက်

ရစ်ချက်ဘရန်ဆန် ဆိုရင် ကမ္ဘာကျော် Virgin သူဋ္ဌေးမှန်း လူတိုင်းနီးပါးလောက်သိကြလိမ့်မယ် ထင်ပါတယ်။ သူဋ္ဌေးတစ်ယောက်နဲ့ မတူဘဲ ရုပ်ရှင်ထဲက လူကြမ်းတစ်ယောက်နဲ့ ပိုတူတဲ့ ဘရန်ဆန်ဟာ အင်္ဂလိပ်လူမျိုး စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့အပြင် ကမ္ဘာ့ အလှူရှင် အကြီးစားတစ်ယောက်ဆိုရင်လည်းမမှားပါဘူး။ ၂၀၁၆ ခုနှစ်စာရင်းအရ သူ့ရဲ့အသားတင်ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ ၅ ဘီလီယံရှိပြီး Virgin အုပ်စုရဲ့အောက်မှာ လုပ်ငန်းပေါင်း ၄၀၀ ရှိပါတယ်။ အသက်ငယ်ငယ်နဲ့ စွန့်ထွင်လုပ်ငန်းရှင်ဖြစ်လာဖို့ စိတ်ထက်သန်ခဲ့သူလည်းဖြစ်ပါတယ်။ ကဲ၊ စာဖတ်သူမိတ်ဆွေများခင်ဗျာ၊ ဒီလိုကမ္ဘာနဲ့ချီပြီးအောင်မြင်နေတဲ့ လူတစ်ယောက်က သူဘာကြောင့် အောင်မြင်လာသလဲဆိုတဲ့ သော့ချက်ကို ပေးလိုက်တာဟာ တကယ့်ကို လက်တွေ့ဆန်တယ်လို့ ပြောရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူ့ပိုင်ဆိုင်ထားတဲ့ အရာတစ်ခုကို ပေးလိုက်လို့ပါပဲ။ အောင်မြင်လိုသူတစ်ရဲ့ အကောင်းဆုံးလမ်းပြက အောင်မြင်ပြီးသားဘဝခရီးသွားသာလျင် မဟုတ်ပါလား။ ကဲ၊သူဘာတွေပြောသွားသလဲဆိုတာ ကြည့်ရအောင်ပါ။

ဘရန်ဆန်က အောင်မြင်မှုရဲ့ သော့ချက်က ဖြစ်ထွန်းမှု (Productivity) နဲ့ စေ့ဆော်မှု (Motivation) လောက်သာမဟုတ်ပါဘူးတဲ့။ သော့ချက်ကတော့ ရည်မှန်းချက် (Intention) လို့ဆိုပါတယ်။ သူ့ရဲ့ ဘလော့ ထဲမှာလည်း “ရည်မှန်းချက်မရှိတဲ့ နေ့တစ်နေ့ဆိုတာ အလဟဿ ကုန်ဆုံးသွားတဲ့ နေ့တစ်နေ့ဖြစ်တယ်”လို့ ရေးသားထားပါတယ်။ “ရည်မှန်းချက်သာမရှိဘူးဆိုရင် ဖြစ်ထွန်းမှု ဆိုတာလည်းရှိမှာမဟုတ်သလို အောင်မြင်မှု လည်းရှိမှာမဟုတ်ဘူး”လို့ဆိုပါတယ်။ မနက်ပိုင်း ခပ်ရွရွလေးပြေးတာကအစ လုပ်ငန်းတစ်ခုခုကိုစလုပ်တာပဲဖြစ်ဖြစ် ရည်မှန်းချက်ကသာ တွန်းအားပေးခဲ့တာဖြစ်တယ်လို့ ရေးသားခဲ့ပါသေးတယ်။ အောင်မြင်သူတစ်ယောက်ရဲ့ ကိုယ်တွေ့ တွေမို့ မှတ်သားလိုက်နာ ကျင့်ကြံဖို့လိုပါလိမ့်မယ်။ သူပြောတာတွေအင်မတန်ရိုးရှင်းပါတယ်။ဘယ်လောက်ရိုးရှင်းသလဲဆိုတာ အောက်မှာ ကြည့်ရအောင်ပါ။

(၁) နေ့စဉ် လန်းလန်းဆန်းဆန်းနဲ့စတင်ပါ

မနေ့ကဖြစ်ခဲ့တာတွေ၊အတိတ်မှာဖြစ်ခဲ့တဲ့ အရာတွေအပေါ်မှာသာ အလွန်အမင်း အာရုံစူးစိုက်နေမယ်ဆိုရင်တော့ အနာဂတ်ပန်းတိုင်ကို ရောက်ဖို့အတွက် ရွေ့ရမယ့်အရွေ့က ခက်ခဲသွားပါလိမ်မယ်လို့ဆိုပါတယ်။ သူကတော့ အပြင်ထွက်မယ်။လန်းလန်းဆန်းဆန်းတက်တက်ကြွကြွလှုပ်ရှားမယ်။သင့်အနေနဲ့လည်း ကိုယ်လုပ်နေကျအလုပ်တွေ၊ ဥပမာ၊စိတ်ငြိမ်အောင် တရားထိုင်တာ၊စာဖတ်တာ၊တစ်မျိုးမျိုးပေါ့။ဒါတွေက သင့်ရဲ့တစ်နေ့တာကို အဆင်သင့်ဖြစ်စေတဲ့ နည်းလမ်းကောင်းတွေလို့ဆိုပါတယ်။

(၂) သင့်ရဲ့ရည်မှန်းချက် အစီအစဉ်ကို ရေးချပါ

သင့်ရဲ့အတွေးအခေါ်တွေ၊စိတ်ကူးစိတ်သန်းတွေကိုရေးချလိုက်တာဟာ ရည်မှန်းချက်တွေကနေလက်တွေ့ လုပ်ဆောင်ချက်ဆီ ကို ရောက်စေတယ်လို့ ဆိုပါတယ်။

(၃) အချိန်ကို ဉာဏ်ရှိရှိအသုံးချပါ

ဘရန်ဆန်လို အလုပ်များတဲ့လူတစ်ယောက်အတွက် အချိန်ဆိုတာ တန်ဖိုးကြီးလွန်းလှပါတယ်။ သူဟာ ခရီးသွားတုန်းရသမျှ အချိန်ပိုတွေကို အသုံးချတတ်ပါတယ်။ Virgin CEO Josh Bayliss နဲ့ အင်တာဗျူးလုပ်တာတောင် လမ်းပေါ်ကားပိတ်တုန်း ကားနောက်မှာလုပ်ခဲ့ရပါတယ်။ဒါကြောင့်လေယာဉ်စီးတုန်းပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက်နဲ့ ချိန်းထားလို့ စောင့်နေရတုန်းပဲဖြစ်ဖြစ် ၊ကားပိတ်လို့ စောင့်နေရတုန်းပဲဖြစ်ဖြစ်  အချိန်ကို ရသလောက် ဉာဏ်ရှိရှိ အသုံးချပါလို့ ဆိုပါတယ်။

(၄)ရှေ့ကို စဉ်းစား

ရည်မှန်းချက်ဆိုတာ အနာဂတ်မှာလုပ်ရမယ့်လုပ်ဆောင်ချက်ရဲ့ တကယ့်အနှစ်သာရလို့ ဘရန်ဆန်ကဆိုပါတယ်။ အတိတ်ဆိုတာ မပြောင်းလဲနိုင်တော့တဲ့အတွက် သူ့အပေါ်ငြိတွယ်နေစရာမလိုပါဘူး။ ဖြစ်ထွန်းမှုရဲ့အဓိက သော့ချက်က ရှေ့ကို တွေးဖို့ပါပဲ လို့ ဆိုပါသေးတယ်။ လုပ်ငန်းလည်ပတ်အောင်လုပ်ပါ။အတွေးအခေါ်အသစ်တွေကို အမြဲတွေးပါ။ ပြီးရင် အခြားအရင်းအမြစ်အဆက်အသွယ် သစ်တွေကို ထပ်ရှာပါလို့ ဆိုပါတယ်။

(၅) ပျော်ပျော်နေပါ

ဒီအချက်က အလုပ်များတဲ့သူ၊လုပ်ငန်းကြီးတဲ့သူတွေအတွက် အင်မတန်တန်ဖိုးရှိမယ်ထင်ပါတယ်။ ဒီအချက်က အောင်မြင်မှုကို တကယ်ရပြီးသူတွေရဲ့ အရေးပါတဲ့ အချက်ဆိုရင်လည်းမမှားပါဘူး။ ပျော်နေရင် အချိန်တွေက ကုန်မှန်းမသိ ကုန်သွားကြတယ်လို့  ဘရန်ဆန်က ပြောပါတယ်။ ဒါပေမယ့်  အပျော် ကျူးပြီး လမ်းလည်း ချော်သွားနဲ့ဦးလို့ သတိပေးပြန်ပါတယ်။ တကယ်တော့ အပျော်ကျူးဖို့ဆိုတာ ဖြစ်နိုင်ခဲပါ တယ် လို့ သူကဆိုပါတယ်။
ကဲစာဖတ်သူမိတ်ဆွေတို့ခင်ဗျာ၊ ကမ္ဘာကျော်သူဋ္ဌေးကြီးကတော့ အောင်မြင်ဖို့အတွက် ရည်မှန်းချက် ဟာ အရေးပါတယ်လို့ ဆိုလိုက်ပါပြီ။ ကျွန်တော်ထင်ပါတယ်။ဒီသော့ချက်က အောင်မြင်ပြီးသူတိုင်းရဲ့ လက်စွဲ လည်းဖြစ်လိမ့်မယ်လို့ပေါ့။ အောင်မြင်သူတွေကတော့ သူတို့တွေရဲ့ အောင်မြင်မှုလမ်းကြောင်းတလျှောက်က အတွေ့အကြုံကောင်းတွေကို အမြဲမျှဝေပေးနေကြပါတယ်။ သူတို့တွေ ဘယ်လောက်ပဲ ပေးကြ ရေးကြပါစေ၊ ကိုယ်တကယ်လုပ်မှရမှာပါ။ ကိုယ်သာတကယ်အောင်မြင်ချင်ရင်တော့အောင်မြင်သူတွေရဲ့လမ်းကိုလိုက်ရမှာပဲမဟုတ်လား။ ကဲ၊မိတ်ဆွေ၊လုပ်လိုက်လေကြာသလားလို့။

ကိုးကား။      ။ ရစ်ချက်ဘရန်ဆန် ၏ ဘလော့ဂ်မှ တစ်ဆင့် ဆီလျော်အောင် ဘာသာပြန်တင်ဆက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: